နိရဉ္စရာ၊ သြဂုတ် ၎
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းမှ လူနည်းစု မရမာကြီး တိုင်းရင်းသား မိသားစု ၂၇ စုသည် ယနေ့အချိန်ထိ နေစရာ အိမ်မရရှိသေးသဖြင့် အခက်အခဲ မျိုးစုံနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
“ ကျွန်တော်တို့ ကြိမ်ချောင်းကို ရောက်နေတာ ကြာပါပြီ။ ကျွန်တော်တို့အားလုံး စစ်တွေ ကယ်ဆယ်ရေးစခန်းက ပြန်လာကြတာပါ။ ၀န်ကြီးတွေအပါအ၀င် လူကြီးတွေက ခင်ဗျားတို့ ကိုယ်နေရပ်ကို ပြန်ကြပါ။ ခင်ဗျားတို့ မရမာကြီးအားလုံးကို အရင်နေရာမှာ တစ်စုတည်းထားမယ်။ ကြိမ်ချောင်းမှာ အိမ်တွေဘာတွေ ဆောက်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ပြန်လာတာ တနှစ်နီးပါးရှိနေပါပြီ။ အခုအချိန်ထိ နေစရာ နေရာမရှိသေးပါ” ဟု မရမာကြီး မိသားစု ခေါင်းဆောင် ဦးလှဖော်ဇံက ပြောသည်။
ထိုသို့ နေစရာ နေရာမရှိသဖြင့် ၎င်းမရမာကြီးမိသားစု ၂၇ စု၊ လူပေါင်း ၁၀၀ ခန့်သည် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းရွာရှိ ဈေးဆိုင်တန်းများနှင့် စာသင် ကျောင်းဟောင်းတွင် တည်းခိုနေထိုင်ကြရသည်ဟု သိရသည်။
“ အခုက ကြိမ်ချောင်း ဈေးဆိုင်တန်းတွေလည်း မိုးယိုတယ်။ စာသင်ကျောင်းကလည်း ဟောင်းနေပြီး မိုးတွေပက်တယ်။ နေရာထိုင်ရတာ လုံးဝ အဆင်မပြေဘူး။ အရင်ရွာဟောင်းကို ပြန်မယ်ဆိုရင်လည်း အိမ်တွေအကုန်လုံးဖြိုဖျက်ခံထားရတဲ့ အတွက် နေစရာမရှိဘူး။ အိမ်ဆောက်ဖို့ ပိုက်ဆံလည်း မရှိဘူး။ စားတာတောင် အလှူပေးလို့ စားနေရတာပါ။ ဒုက္ခ တော်တော်ရောက်နေကြပါတယ်” ဟု ဦးလှဖော်ဇံက ပြောသည်။
ပြန်လာသူများထဲတွင် အိမ်ထောင်စု ၃၀ ခန့်သာ ယခင်သူတို့ နေထိုင်ရာ မင်းတပ်ကျေးရွာတွင် အိမ်ရရှိသွားပြီး နောက်မှ ရောက်ရှိလာသော မိသားစုများအနေဖြင့် အိမ်မရရှိကြရာမှ ယခုလို နေထိုင်ရေး အခက်တွေ့နေကြခြင်း ဖြစ်ကြောင်း သိရသည်။
“ စားရေးသောက်ရေးက ကြက်ခြေနီအဖွဲ့က လာလှူပါတယ်။ ဒီလ ၁၅ ရက်နေ့လောက်ထိတော့ စားစရာရှိပါတယ်။ ကျွန်တော်တို့ အခက်အခဲက နေစရာမရှိတာပါ၊ ပြည်နယ် ၀န်ကြီးချုပ်တို့၊ ၀န်ကြီးဒေါက်တာ ချမ်းသာတို့ လာတုန်းကလည်း ကျွန်တော်တို့ကို ကြိမ်ချောင်းမှာ အိမ်ဆောက်ပေးဖို့ ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အတူ တင်ပြပါတယ်။ ဒီနှစ်မှာတော့ မရတော့ဘူး။ နောက်နှစ်မှာ ဆောက်နိုင်အောင် တင်ပြပေးမယ်လို့ ပြောပါတယ်” ဟု ဦးလှဖော်ဇံက ပြောဆိုသည်။
![]() |
(ကြိမ်ချောင်း ဈေးလိုင်းတန်းတွင် နေထိုင်နေကြသည့် မရမာကြီးမိသားစုများ) |
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် အာဏာပိုင်များသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
၎င်းမရမာကြီး မိသားစုများသည် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့က နယ်ခြားစောင့် စခန်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်ပြီးနောက် မောင်တောမြို့နယ်မြောက်ပိုင်း မင်းတပ်ရွာမှ အိုးအိမ်များကို စွန့်ခွာပြီး စစ်တွေမြို့ထိ ထွက်ပြေးကာ ကယ်ဆယ်ရေး စခန်းများတွင် ခိုလုံနေထိုင် ခဲ့ကြရသည်။
စစ်တွေကယ်ဆယ်ရေးစခန်းမှ ၂၀၁၇ ခုနှစ် မကုန်မီ မောင်တောမြို့နယ်သို့ပြန်ပို့ခံရပြီး အခုအချိန်ထိ နေထိုင်စရာ နေအိမ်မရဘဲ ဖြစ်နေကြောင်း သိရှိရသည်။
Narinjara
https://www.facebook.com/Narinjara
မောင်တောမြောက်ပိုင်းမှ မရမာကြီးမိသားစု ၂၇စု နေစရာမရှိ၍ အခက်ကြုံ
Reviewed by THITHTOOLWIN
on
20:00
Rating:
