![]() |
၁၀ နှစ် အတွင်း ၂.၅ မီတာလောက် မြေအောက်ကို ကျွံဆင်းနေတဲ့ ဂျာကာတာမြို့ရဲ့ မြောက်ပိုင်း |
ဒီအခြေအနေကို မထိန်းသိမ်းဘူးဆိုရင် မြို့တော်ရဲ့အစိတ်အပိုင်းအတော်များများက ၂၀၅၀ ခုနှစ် ဆိုရင် ရေအောက်နစ်မြုပ် သွားနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဂျာကာတာမြို့ဟာ ရွံနွှံမြေပျော့ပေါ်မှာ တည်ရှိပြီး မြစ် ၁၃ စင်းက ဒီမြို့ကို ဖြတ်သန်း နေပါတယ်။
ဒါအပြင် ဂျာဗား ပင်လယ်နဲ့လည်း ထိစပ်နေတာကြောင့် ဒီမြို့မှာ ရေကြီးရေလျှံတာ တွေ မကြာခဏဆိုသလို ဖြစ်နေပြီး အခြေအနေက ပိုဆိုးလာတာဟာ အံ့အား သင့်စရာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရေကြီးရေလျှံတာတွေတင်မကပဲ မြို့က မြေအောက်ကို တဖြည်းဖြည်း ကျွံဆင်း နိမ့်ဆင်း နေတာက စိုးရိမ်စရာလို့ ဆိုပါတယ်။ ဂျာကာတာမြို့ရဲ့ မြောက်ပိုင်းမှာ မြေအောက်ကို နိမ့်ဆင်းတာက ပိုသိသာပြီး ၁၀ နှစ် အတွင်း ၁၃ ပေ လောက် မြေအောက်ကို ကျွံဆင်းနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
![]() |
ဂျာကာတာမြို့မြေအောက်ကျွံတာကို လေ့လာနေတဲ့ Heri Andreas |
တနှစ်ကို ၂၅ စင်တီမီတာလောက် မြေအောက်ကို နိမ့်ဆင်းလာနေတာဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကမ်းခြေမြို့တွေရဲ့ မြေအောက်ကို နိမ့်ဆင်းမှုနှုန်းထက် ၂ ဆ ဖြစ်နေတယ်လို့လည်း ထောက်ပြနေပါတယ်။
ဒီလိုမြေအောက်ကို နိမ့်ဆင်းလာတာကြောင့် မြို့ရဲ့ တဝက်က ပင်လယ်ရေ မျက်နှာပြင် အမှတ် အောက်ကို ရောက်လာနေပါတယ်။
မြို့တော်ရဲ့ Muara Baruဆိုတဲ့ အရပ်မှာဆိုရင် မြေအောက်ကို ကျွံဆင်းလို့ စွန့်ပစ် ထားတဲ့ အဆောက်အအုံတွေ တွေ့မြင်ရမှာ ဖြစ်သလို ဒီအဆောက်အအုံရဲ့ အောက်ထပ်မှာ ရေတွေ ဝင်နေပါတယ်။
အခုလို မြေအောက်ကို နိမ့်ဆင်းလာတာကို မြို့ခံတွေက သတိထားမိသလို ပင်လယ်ကမ်းခြေကို မြင်ရတဲ့နေရာမှာ တန်ဖိုးကြီး အိမ်တလုံးကို ပိုင်ဆိုင်ထားတဲ့ Fortuna Sophiaက သူရဲ့အိမ်နံရံနဲ့ တိုင်တွေမှာ ၆ လကြာတိုင်း အက်ကွဲတာတွေ မြင်ရတယ်လို့ ပြောပါတယ်။
![]() |
မြေအောက်ကို ကျွံဆင်းလို့ စွန့်ပစ် ထားတဲ့ အဆောက်အအုံတွေ |
ရေပိုက်လိုင်းတွေကနေ ပေးနေတဲ့ရေက စိတ်ချယုံကြည်လို့မရတာကြောင့် ဂျာကာတာမြို့မှာ နေထိုင်သူအများစုက မြေအောက်ရေကို မှီခိုအားထားရတာ ဖြစ်ပါတယ်။
ဂျာကာတာ မြို့ရဲ့ ရေစီမံခန့်မှုနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက ရေလိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းပဲ ထောက်ပံ့ပေးနိုင်တယ်လို့ ပြောဆိုထားပါတယ်။
မြေအောက်ရေကို ထုတ်ယူပြီးသွားရင် အပေါ်က မြေသားက ကျွံဆင်းလာတာ ကြောင့် တဖြည်းဖြည်းနဲ့ လေလျော့လာတဲ့ ပူဖောင်းပေါ်မှာ ထိုင်နေရတာနဲ့ သဘောတူတယ်လို့ ဆိုပါတယ်။
![]() |
မြေအောက်ကို ကျွံဆင်းလို့ စွန့်ပစ် ထားတဲ့ အဆောက်အအုံတွေ |
ဒါ့အပြင် ဂျာဗား ပင်လယ်ရေရဲ့ မျက်နှာပြင်က မြင့်တက်လာတာနဲ့ သဘာဝက ပေးထားတဲ့ ဓနိတောတွေ ပျောက်ကုန် တာကလည်း ဂျာကာတာမြို့ မြေအောက် ကျွံကျတဲ့ အကြောင်းအရင်းတခုလို့ ဆိုပါတယ်။
မြို့တော် မြေအောက်ကို ကျွံကျတာကို ထိန်းသိမ်းဖို့ တခုတည်းသော နည်းလမ်းက မြေအောက်ရေ ထုတ်တာကို ရပ်လိုက်ပြီး ရေရနိုင်တဲ့ တခြားရေအရင်း အမြစ်တွေ ဖြစ်တဲ့ မြစ်ချောင်း အင်းအိုင် ဆည်နဲ့ မိုးရေကို မှီခိုဖို့လိုတယ်လို့ ရေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ Deltares အင်စတီကျူက Jan Jaap Brinkmanက ပြောပါတယ်။
![]() |
သူရဲ့အိမ်နံရံနဲ့ တိုင်တွေမှာ ၆ လကြာတိုင်း အက်ကွဲတာတွေ မြင်ရတယ် |
ပြီးခဲ့တဲ့ နှစ် ၅၀ တုန်းက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြေအောက်ကို နိမ့်ဆင်းလာတဲ့ အလားတူ အခြေအနေမျိုး ဖြစ်ပွားခဲ့စဉ်မှာ မြေအောက်ရေတွေကို ပြန်ဖြည့်နိုင်တဲ့ နည်းပညာတခုကို အသုံးပြုခဲ့ပြီးပေမယ့် ဒါက အရမ်းကို ဈေးကြီးတယ်လို့ ဆိုပါ တယ်။
မစ္စ Fortuna Sophiaကတော့ ဂျာကာတာမှာ နေတာ အန္တရာယ်ရှိပေမယ့် လူတွေကတော့ ဒီအခြေအနေကို လက်ခံလာပြီး မြေအောက်ကျွံကျတဲ့ အခြေအနေကို ပြန်လည် ထိန်းသိမ်းဖို့ မျှော်လင့်နေပါတယ်။
BBC Burmese
https://www.bbc.com
အင်ဒိုနီးရှား ရဲ့ မြို့တော် ဂျာကာတာ က နိမ့်ဆင်းမှုတွေ ဖြစ်နေပြီ
Reviewed by THITHTOOLWIN
on
03:55
Rating:
