TNLA ဘက်က အလောင်း ၈ လောင်းကို မြုပ်နှံပေးခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ခဲ့ပေမယ့် TNLA ကတော့ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရတာဆိုပြီး ထပ်မံကြေညာ |
တပ်မတော်ဘက်က တပ်မ (၈၈) ခမရ-၃၀၁ တပ်ဖွဲ့ဟာ သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ TNLA ရဲ့ ဆေးမှူး ရဲမေ ၆ ဦးကို သတ်ဖြတ် စွန့်ပစ်ထားတယ်ဆိုပြီး TNLA က ဇူလိုင်လ ၁၆ ရက်နေ့မှာ ပထမ တကြိမ် ကြေညာချက် ထုတ်ပြန်ထားခဲ့ပါတယ်။
ဒါပေမယ့် ဇူလိုင်လ ၁၉ ရက်နေ့ တပ်မတော် ထုတ်ပြန်ချက်မှာတော့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် မန်ဝန်းကျေးရွာအုပ်စုက အွယ်လောကျေးရွာ အနီး တပ်မတော်က နယ်မြေရှင်းလင်းမှု လုပ်ရာမှာ TNLAနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အမျိုးသား တပ်ဖွဲ့ဝင် ၃ ဦးကို တိုက်ပွဲ အပြီး မြုပ်နှံပေးခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် TNLA ဘက်ကတော့ ဆေးမှူး ရဲမေ ၆ ဦးဟာ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦးနဲ့ အတူ ခြုံခို တိုက်ခိုက် ခံရတာ ဖြစ်ပြီး အဲဒီ အမျိုးသမီးတွေကို တပ်မတော်က ဖမ်းသွားတာကို လွတ်လာတဲ့ TNLA တပ်ဖွဲ့ဝင်တဦးက ကိုယ်တိုင်မြင်ခဲ့ကြောင်း TNLA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး မိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
တပ်မတော် အနေနဲ့ စစ်သုံ့ပန်းကို မသတ်ဖြတ်ရ ဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်တာ ဖြစ်ကြောင်း မိုင်အိုက်ကျော် ပြော |
တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲ ဖြစ်စဉ်အတွင်းမှာ နေ့သစ်အာရှ သတ္ထု တူးဖော်ရေး ကုမ္ပဏီက ဝန်ထမ်း သုံးဦးရဲ့ ကားကို သေဆုံးသွားတဲ့ TNLA တပ်ဖွဲ့ဝင်တွေက လိုက်ပါ စီးနင်းခဲ့တာဖြစ်ပြီး အဲဒီ ဝန်ထမ်း ၃ ဦးထဲက ဒဏ်ရာ အနည်းငယ်ရတဲ့ ၂ ဦးဟာ တရုတ်နိုင်ငံ မန်စီမြို့က ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ပွဲဖြစ်ခဲ့တဲ့ အွယ်လောဒေသမှာ တပ်မတော်က စွန့်ပစ်ထားတဲ့ TNLA တပ်ဖွဲ့ဝင် အလောင်းတွေကို ဇူလိုင်လ ၁၄ ရက်နေ့မှာ ဒေသခံရွာသားတွေက ရှာတွေ့ခဲ့တာလို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
TNLA အဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ထိုးမထားတဲ့ အဖွဲ့ဖြစ်ပေမယ့် အခုလို တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ဇူလိုင်လ ၁၁ နေ့မှာပဲ စတင် ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲကို လာရောက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး တပ်မတော် ထိပ်သီး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com
ဆေးမှူးတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ TNLA ထပ်မံကြေညာ
Reviewed by THITHTOOLWIN
on
03:49
Rating: