အရက်သောက်စားမူးယစ်၍ ပြဿနာအမြဲရှာနေသည့်ခင်ပွန်းအား ဇနီးဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ (ဏ/၁၄)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ ဇူလိုင်လ ၃၀ ရက်နေ့ က အရက်သောက်စားမူးယစ်၍ ပြဿနာအမြဲရှာနေသည့်ခင်ပွန်းအား ဇနီးဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ၂၄၀၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် (ဏ/၁၄)ရပ်ကွက်ရှိ နေအိမ်၌ လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

 သေဆုံးသူမှာ အဆိုပါနေအိမ်တွင် နေထိုင်သူ ဇေယျာလင်း(၃၂)နှစ်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး(၄၇) နှစ်၏ ပြောပြချက်အရ ဒေါ်စိမ့်စိမ့်အေးသည် နေအိမ်အိပ်ခန်းအတွင်း တစ်ဦးတည်း အိပ်နေစဉ် အိမ်ရှေ့တံခါးဖွင့်သံကြားရပြီး ခင်ပွန်းဖြစ်သူ ဇေယျာလင်းမှာ ညစဉ်အရက်မူး ပြန်လာပြီး ပြဿနာ ရှာလေ့ရှိသဖြင့် အိပ်ရာမှ ထမကြည့်ဘဲ ဆက်အိပ်နေစဉ် “ဝုန်း”ဟုအသံကြား၍ ထကြည့်ရာ ခင်ပွန်း ဖြစ်သူမှာ ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက် ရရှိ၍ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း ပြောပြသိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ လှော်ကားနယ်မြေရဲစခန်း(ပ)၄၅၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

 ရဲတပ်ဖွဲ့ဝင်များသည် သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်စိမ့်စိမ့်အေး အား မသင်္ကာသဖြင့် အသေးစိတ်ထပ်မံစစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူ ဇေယျာလင်းမှာ အရက်အလွန် အကျွံသောက်စားပြီး အမြဲရန်ရှာလေ့ရှိကြောင်း၊ အခင်းဖြစ်နေ့ ည ၁၁ နာရီအချိန် အရက်မူး၍ နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ် ထမင်းစားလိုကြောင်း ပြောဆိုသဖြင့် ၎င်းမှ ထမင်း စားရန်စီစဉ် ပေးခဲ့ပြီး အိပ်ရာဝင်ခဲ့ကြောင်း၊ ခဏအကြာတွင် ခင်ပွန်းဖြစ်သူမှ ခြေထောက်အား ဆွဲပြီး အမျိုးမျိုးရန်ရှာပြောဆိုမှုများ ပြုလုပ်နေသဖြင့် အရိုးအသွား(၁၁)လက်မခန့်ရှိ သစ်သား ရိုးတပ်စတီးဦးချွန် ဓားဖြင့် ထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဒေါ်စိမ့်စိမ့်အေး အား ဖမ်းဆီးပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
အရက်သောက်စားမူးယစ်၍ ပြဿနာအမြဲရှာနေသည့်ခင်ပွန်းအား ဇနီးဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား အရက်သောက်စားမူးယစ်၍ ပြဿနာအမြဲရှာနေသည့်ခင်ပွန်းအား ဇနီးဖြစ်သူမှ ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:04 Rating: 5
Powered by Blogger.