တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀ ၀န်းကျင် ထွက်ပြေးနေရ

မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို တွေ့ရစဉ် / ဓါတ်ပုံ - စံမိန်း
NCA လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် တပ်တွေနဲ့ အစိုးရ တပ်မတော်တို့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀ ၀န်းကျင် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

တိုက်ပွဲကြောင့် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းက ဒေသခံ ၅၀၀ ၀န်းကျင်ဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံ နေကြတယ်လို့ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်း က ပြောပါတယ်။

နားလေ၊ ၀မ်ထံ၊ နမ့်အွတ်၊ စံပေါင်း၊ ကုန်းညောင် စတဲ့ ကျေးရွာတွေကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။ ထွက်ပြေးလာကြသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေသလို စောင်နဲ့ အ၀တ်အစားတွေလည်း လိုအပ်နေတယ်လို့ ကိုယ်စားလှယ် စိုင်းစံမိန်းက ပြောပါတယ်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်ကျေးရွာအုပ်စု နဲ့ ဟိုခဲကျေးရွာအုပ်စု တုံလောကျေးရွာဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက် နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။

ဒီနေ့ မနက်အထိ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေဆဲဖြစ်တယ်လို့ စိုင်းစံမိန်း က ပြောပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပတဲ့ JMC (U) အစည်းအဝေးမှာ တပ်မတော်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးက RCSS အနေနဲ့ သတ်မှတ်နယ်မြေထက် ကျော်လွန်လှုပ်ရှားမယ်ဆိုရင် သတင်းပေးပို့ရမှာဖြစ်ပြီး နယ်မြေကျော်လာတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို တိုက်ခိုက်သွားမယ်လို့ ပြောခဲ့တာရှိပါတယ်။

RCSS/SSA ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးကတော့ တပ်မတော် နဲ့ RCSS အကြားမှာ နေရာသတ်မှတ်ချက် အတိအကျ မရှိသေးကြောင်းနဲ့ လက်ရှိမှာ တပ်မတော်ဘက်က နယ်မြေစိုးမိုးရေးဆိုပြီး ဆောင်ရွက်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတာလို့ ပြောပါတယ်။

တိုက်ပွဲတေ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိမလားဆိုတာက တပ်မတော်အပေါ်မှာ မူတည်ကြောင်းနဲ့ သူတို့ဘက်ကတော့ တိုက်ပွဲတွေ ဆက်လက်မပြင်းထန်အောင် ရှောင်ရှားနေတယ်လို့လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ဆိုပါတယ်။

မိုင်းကိုင်မြို့နယ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ နမ့်လန်ကနေ ရှမ်းပြည်နယ် တောင်ပိုင်းကို ဆက်သွယ် ထားတဲ့ လမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျန်းအခြေစိုက် RCSS/SSA တပ်ဖွဲ့ တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချားမြို့နယ်တွေအပြင် ရှမ်းပြည်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နမ့်လန်၊ နမ္မတူစတဲ့ မြို့နယ်တွေ ဘက်မှာလည်း လှုပ်ရှားနေတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀ ၀န်းကျင် ထွက်ပြေးနေရ တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀ ၀န်းကျင် ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.