ထိုင်းကျောင်းသား ကယ်ဆယ်ရေး တတိယနေ့

ဂူထဲမှာ မိုးရေနဲ့ စစ်ခင်းရတဲ့ ကယ်ဆယ်ရေး
ထိုင်းနိုင်ငံ မြောက်ပိုင်း က ဂူထဲမှာ ပိတ်မိခဲ့တဲ့ သူတွေထဲက ကျန်တဲ့ သူတွေကို ကယ်ထုတ်နိုင်ဖို့ ဇူလိုင် ၁၀ ရက် ဒီနေ့ မနက်ပိုင်းမှာ တတိယမြောက်နေ့ ကယ်ဆယ်ရေး စတင်နေပါပြီ။

မယ်ဆိုင်မြို့အနီးမှာ ရှိတဲ့ ထမ်လွန်နမ့်နွန်ဂူထဲမှာ ကျန်ရှိနေသေးတဲ့ ထိုင်းကျောင်းသား ဘောလုံးအသင်းက ကလေး ၄ ဦးနဲ့ သူတို့ရဲ့ နည်းပြဆရာကို ထပ်မံ ကယ်ထုတ်ရမှာပါ။

တနင်္ဂနွေနေ့ ဇူလိုင် ၈ ရက်နေ့က စတင်ခဲ့တဲ့ ကယ်ဆယ်ရေးရဲ့ ပထမ ၂ ရက်မှာ ကလေး ၈ ယောက်ကို အောင်အောင်မြင်မြင်နဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ပထမနေ့ ကယ်ဆယ်ရေး အတွေ့အကြုံကြောင့် ဒုတိယနေ့မှာ ပိုပြီး လျင်လျင်မြန်မြန်နဲ့ ကလေးတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးမှူးနေတဲ့ နာရွန်ဆတ်အိုဆသန်ကွန် က ပြောပါတယ်။ ပထမနေ့မှာ စုစုပေါင်းကြာမြင့်ချိန် ၁၁ နာရီ ရှိခဲ့ပေမယ့် ဒုတိယနေ့မှာတော့ ကြာချိန် ၉ နာရီပဲ ရှိခဲ့တယ် ဆိုပါတယ်။

ကယ်ထုတ်ရေး စတင်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကတည်းက ဂူထဲက ရေအမြင့်ဟာ တက်မလာဘူးလို့လည်း သူက ပြောပါတယ်။

အခု အခြေအနေတိုင်း ဆိုရင် ကျန်တဲ့ ကလေး ၄ ယောက်၊ သူတို့ရဲ့ နည်းပြ ဆရာ ၁ ယောက်နဲ့ အတူ သူတို့ နဲ့ ပြီးခဲ့တဲ့ တပတ်လုံး ဂူထဲမှာ အတူ နေပေးနေတဲ့ ဆရာဝန်နဲ့ ထိုင်းဘုရင့် ရေတပ်မတော် အထူးတပ်ဖွဲ့ဝင် ရေငုပ်သမားတွေဟာ ဒီနေ့မှာ ပြန်ထွက်လာနိုင်ဖွယ် ရှိနေပါတယ်။

သူတို့ အားလုံးဟာ ကျန်းမာရေးကောင်းမွန်လို့ ကယ်ထုတ်ဖို့ရာ အဆင်သင့် အနေအထား လို့ ဆိုပါတယ်။

ဒါပေမယ့် မုတ်သုန်ရာသီက ခန့်မှန်းဖို့ ခက်ခဲပြီး ထပ်ပြီး မိုးကြီး ရေလျှံလာနိုင်ဖွယ်လည်း ရှိလို့ ကျန်သူတွေကို ကယ်ထုတ်ဖို့က အချိန်လု လုပ်ဆောင်ရပါမယ်။
ထိုင်းစစ်တပ်ဆရာဝန်အဖွဲ့ဟာ ဂူပေါက်က ကယ်ဆယ်ရေး စခန်းမှာ အမြဲအသင့်ရှိနေ
အခုလောလောဆယ် အထိ ကယ်ထုတ်ပြီး ကလေး ၈ ယောက် နာမည် ကို တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပေမယ့် ဂူထဲမှာ ကျန်နေသေးတဲ့ ၅ ယောက်မှာတော့ အသက် ၂၅ နှစ် အရွယ် နည်းပြဆရာ အက်ကပေါင် ချန်တဝေါင် ပါဝင်တယ်ဆိုတာတော့ အတည်ပြုနိုင်ပါတယ်။

လွတ်မြောက်ပြီး ကလေး ၈ ယောက်လုံးဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံး ကျန်းကျန်းမာမာရှိနေတယ်လို့ ထိုင်းတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ သူတို့မှာ ကူးစက် ရောဂါ အနည်းငယ် ခံစားခဲ့ရတာ ရှိပေမယ့် ဒါကို ကုသပြီးပြီလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ကို ချင်းရိုင်ခရိုင်ဆေးရုံမှာ တပတ်လောက် တင်ထားပြီး ဆက်လက် စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။
ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေ ထိုင်းတာဝန်ရှိသူတွေ ထုတ်ပြန်
ကျန်နေတဲ့ ကျန်းမာရေး ဆေးစစ်ချက် ရလဒ်တွေ လာမယ့် ၁-၂ ရက်အတွင်းသိရပါမယ်။ ကူးစက်ရောဂါလက္ခဏာတွေ အားလုံး ကင်းစင်တာနဲ့ သူတို့ကို မိသားစုနဲ့ ပေးတွေ့ဖို့ စီစဉ်ထားပါတယ်။ သူတို့ကို ခွေးရူးနဲ့ အခြား နို့တိုက် သတ္တဝါ ရောဂါ ကာကွယ်ဆေး ထိုးပေးထားပေမယ့် သူတို့ဟာ ဂူထဲမှာ တိရစ္ဆာန် တကောင်ကောင်နဲ့ ရင်ဆိုင်ခဲ့ရတာမျိုး မရှိဘူး ဆိုပါတယ်။

သူတို့ဟာ အခုဆိုရင် အစာကျေလွယ်တဲ့ အစာပျော့ပျော့တွေ စတင် စားနေပါပြီ။ ဂူထဲက အမှောင်ထဲမှာ ရက်သီတင်းပတ် ၂ ပတ် ကျော် နေခဲ့ရလို့ အခုလောလောဆယ် သူတို့ မျက်စိတွေ မထိခိုက်အောက် နေကာ မျက်မှန်တွေ တပ်ပေးထားတယ်လို့လည်း ထိုင်းတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းသားဘောလုံးအသင်းက ဆယ်ကျော်သက် ကလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ နေ့ရက်ကတည်းက ရေလွှမ်းနေတဲ့ ဂူထဲမှာ ပိတ်မိနေခဲ့တာပါ။

သူတို့ဟာ ပေပေါင်း ၂,၆၀၀ အောက်မှာ ရောက်ရှိနေတာပါ။ မြေပေါ်ပြန်ရောက်ဖို့ ၂ မိုင်ခွဲ ခရီးကို ကျော်ဖြတ်ရပြီး တချို့နေရာတွေမှာ ရေငုပ်သွားရပါတယ်။ ရေငုပ်ချိန်မှာ ကလေး ၁ ယောက်ကို ကျွမ်းကျင်တဲ့ ဝါရင့် ရေငုပ်သမား ၂ ယောက်က ခြံရံတွဲခေါ်ရပါတယ်။

ပိတ်မိနေတဲ့ ကလေးတွေ ခိုလှုံနေတဲ့ နေရာကို အသွား-အပြန် ခရီးက အတွေ့အကြုံရင့်ကျက်တဲ့ ရေငုပ်သမားတွေ အတွက်တောင် ခက်ခဲပြီး ပင်ပန်းလှပါတယ်။ ခရီးလမ်းတလျှောက်မှာ ချထားတဲ့ လမ်းကြောင်းပြ ကြိုးတန်းနဲ့ အတူ လမ်းလျှောက်ရတာ၊ ရေထဲ ဖြတ်ရတာ၊ အမြင့်တက်ရတာနဲ့ ရေငုပ်ရတာတွေ လုပ်ရပါတယ်။

ဒါကြောင့် ရေငုပ် အတွေ့အကြုံမရှိ ကလေးတွေ အတွက် လွယ်ကူအောင် မျက်နှာဖုံး အသက်ရှု ကိရိယာတွေ တပ်ဆင်ရပြီး ကလေးတယောက်ချင်းစီ အတွက် အကူ ဝါရင့် ရေငုပ်သမား နှစ်ယောက် ထားပေးရပါတယ်။

အခက်ခဲဆုံးအပိုင်းက လမ်းတဝက်လောက်မှာ ရှိတဲ့ T လမ်းဆုံလို့ အမည်ပေးထားတဲ့ အလွန်ကျဉ်မြောင်းနေရာကို ဖြတ်ရတဲ့ အခိုက်အတန့်ပါ။ အဲဒီ နေရာကို ဖြတ်ကျော်နိုင်ဖို့ အတွက် ရေငုပ်သမားတွေဟာ သူတို့ရဲ့ အသက်ရှု အထောက်အကူပြု လေဘူးတွေကို ဖြုတ်ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့မှာ ရေငုပ်ကျွမ်းကျင်သူ နိုင်ငံတကာက လူ ၅၀ နဲ့ ထိုင်းနိုင်ငံက လူ ၄၀ ပါဝင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထိုင်းကျောင်းသား ကယ်ဆယ်ရေး တတိယနေ့ ထိုင်းကျောင်းသား ကယ်ဆယ်ရေး တတိယနေ့ Reviewed by THITHTOOLWIN on 15:17 Rating: 5
Powered by Blogger.