မိုးကောင်းမြို့နယ်မှ မိန်းကလေးနှစ်ဦးအား တရုတ်ပြည်သို့ရောင်းစားသည့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးရမိ


မိုးကောင်း ဇူလိုင် ၂၂

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ မိန်းကလေးနှစ်ဦးအား တရုတ်ပြည်သို့ ရောင်းစားခဲ့သည့် အမျိုးသမီးနှစ်ဦးအား ဇူလိုင်၂၂ရက်က မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၂)လွယ်ဂျယ်မှ ဒုတိယရဲအုပ်ထွန်းနိုင်လင်း ဦးစီးတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်၊ စိန်လုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေစဉ် လူကုန်ကူးမှုမသင်္ကာဖွယ်အမျိုးသမီးနှစ်ဦး လိုက်ပါလာကြောင်း သတင်းအရ မြစ်ကြီးနားမှ လွယ်ဂျယ်သို့မောင်းနှင်လာသည့် ယာဉ်အမှတ် 9D/----(NOAH) မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် မိုးကောင်းမြို့နယ်၊လွဲလောကျေးရွာနေ မ----(၁၇)နှစ်(လူကုန်ကူးခံရသူ)နှင့် ကဝါးယံကျေးရွာနေ ဒေါ်ရွယ်နူး(၃၇)နှစ်(လူကုန်ကူးမှုကျူးလွန်သူ) အားတွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာမှ တရုတ်နိုင်ငံရှိ တရုတ်အမျိုးသားနှင့် လက်ထပ်ထိမ်းမြားလျှင် မြန်မာငွေ သိန်း ၄၀ ရရှိမည်ဖြစ်ကြောင်း ၎င်းမိန်းကလေးအားစည်းရုံးပြောဆိုကာ စရံငွေ ၅ သိန်းကျပ်ပေးပြီး ရှမ်းပြည်နယ်၊မူဆယ်ခရိုင်၊မုံးကိုးမြို့နေ ဒေါ်ဂျာနောင်(ခ)ခေါန်ရာ(၃၈)နှစ် မှတဆင့် တရုတ်ပြည်သို့ပို့ဆောင်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဒေါ်ရွယ်နူး၏လက်ကိုင်ဖုန်းမှတဆင့် ဆက်သွယ်၍ ဒေါ်ဂျာနောင်(ခ)ခေါန်ရာအား မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော်ဂိတ် လွယ်ဂျယ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဒေါ်ရွယ်နူးနှင့် ဒေါ်ဂျာနောင်(ခ)ခေါန်ရာတို့နှစ်ဦး၏ စစ်ဆေးထွက်ဆိုချက် အရ ဧပြီလက မိုးကောင်းမြို့နယ် မင်းကုန်းကျေးရွာနေ မ----(၂၄)နှစ်အား တရုတ်နိုင်ငံ၊လုံလင်မြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံ ပို့ဆောင်ပေး ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မင်းကုန်းကျေးရွာနေ မ----အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းကြည့်ရာ မ----မှ ၎င်းအား ဧပြီ ၇ ရက်က တရုတ်အမျိုးသားထံ တရုတ်ယွမ်ငွေ ၆၆၀၀ ဖြင့်ရောင်းစားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းမှာနှစ်လခန့် ပေါင်းသင်းပြီးမှ ပြန်လည်ထွက်ပြေး လွတ်မြောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူကုန်ကူးမှုကျူးလွန်သူ ဒေါ်ရွယ်နူးနှင့် ဒေါ်ဂျာနောင်(ခ)ခေါန်ရာတို့နှစ်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးကောင်းမြို့နယ်မှ မိန်းကလေးနှစ်ဦးအား တရုတ်ပြည်သို့ရောင်းစားသည့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးရမိ မိုးကောင်းမြို့နယ်မှ မိန်းကလေးနှစ်ဦးအား တရုတ်ပြည်သို့ရောင်းစားသည့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.