ကုလနဲ့ သဘောတူထားတဲ့အတိုင်း စီမံကိန်းတွေ ရခိုင်မှာ စတော့မည်

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့ ၂၀၁၈ ဇွန်လ ၆ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ်/ Photo: Myanmar State Counsellor Office
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ UNHCR၊ UNDP တို့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ MoU ပါ စီမံချက်တွေကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

သဘာတူညီချက်ပါ စီမံချက်တွေကို အောက်ခြေမှာ ကွင်းဆင်းလေ့လာပြီး အကောင်အထည်ဖော်ဖို့ စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

"အခုအဲဒီဟာကို အကောင်အထည်ဖော်မယ့် အောက်ခြေမှာ သွားပြီးတော့ အတူတကွ လေ့လာမယ်၊ စပြီးတော့ အကောင်အထည်ဖော်ဖို့အတွက်ကို အဖွဲ့တွေ ဖွဲ့ပြီးသွားပြီ၊ ဒါဟာတိုးတက်မှုပေါ့နော်၊ အဲဒီအဖွဲ့တွေဟာ ကျနော် မှန်းကြည့်သလောက်ဆိုရင် ၂၁ ရက်နေ့လောက်ဆို အကောင်အထည်ဖော် မယ်ခင်ဗျ"

ဇူလိုင်လ ၁၇ ရက်နေ့ မနေ့က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E Prof .Dr Surakiart Sathirathai ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်ကြတဲ့ UNDP UNHCR အဖွဲ့တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက Institute of Business Economics Research and Development အဖွဲ့က ရခိုင်ပြည်နယ်မှာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်၊ ငါးမွေးမြူရေး ၊ ပင်လယ်စာနဲ့ အအေးခန်းလုပ်ငန်း၊ စဉ်ဆက်မပြတ် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေကို အသုံးပြုပြီး ငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကုလနဲ့ သဘောတူထားတဲ့အတိုင်း စီမံကိန်းတွေ ရခိုင်မှာ စတော့မည် ကုလနဲ့ သဘောတူထားတဲ့အတိုင်း စီမံကိန်းတွေ ရခိုင်မှာ စတော့မည် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.