အပစ်ရပ်အဖွဲ့တွေနဲ့ တပ်ချုပ် တွေ့ဆုံ

နေပြည်တော် ဘုရင်နောင့်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ်/ ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က အပစ်ခတ်ရပ်စဲပြီးမှ နယ်မြေနဲ့အင်အား တည်ဆောက်ပြီး လူထု စည်းရုံးရေးဆောင်ရွက်နေတာကို လက်မခံနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နေပြည်တော် ဘုရင်နောင့်ခန်းမမှာ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အဲဒီအကြောင်းအရာကို တစ်ကြိမ်မက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ PNLO ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

"တချို့အဖွဲ့တွေက NCA ထိုးပြီးမှ နယ်မြေတည်ဆောက်နေတယ်။ အင်အားတည်ဆောက်နေတယ်။ လူထုစည်းရုံးရေး အားကိုယူနေတယ်ပေါ့။ အဲ့ဒါတွေကိုတော့ သူလက်မခံနိုင်ဘူး အဲဒီလိုတော့ ပြောပါတယ်။ အဲဒါတွေက သူတစ်ခါနှစ်ခါပြောတယ်ဗျ။ ကျနော်တို့ထဲက ဘယ်အဖွဲ့ကို ညွှန်းလဲတော့ မသိဘူးဗျ။ စဉ်းစားကြည့်ပေါ့။ တကယ်အဖြစ်အပျက်ပဲ။ တခြားတော့ အထွေအထူးတော့မရှိပါဘူး။ အာလာပ သလာပတွေများပါတယ်"

ဒီမိုကရေစီလမ်းကြောင်းအပေါ် အားလုံးပါဝင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းကို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တယ်လို့လည်း ပါရှိပါတယ်။

အပစ်ရပ်လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားအဖွဲ့တွေထဲက RCSS နဲ့ တပ်မတော်တို့အကြား ဒီရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေပါတယ်။

RFA Burmese
https://www.rfa.org/burmese
အပစ်ရပ်အဖွဲ့တွေနဲ့ တပ်ချုပ် တွေ့ဆုံ အပစ်ရပ်အဖွဲ့တွေနဲ့ တပ်ချုပ် တွေ့ဆုံ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.