သင်္ဘောကွေ့ ရွာတည်သူ ရွာခေါင်းဆောင်သုံးဦးကို တရားရုံးမှ သမ္မာန်စာဆင့်ခေါ်

(မောင်တောမြို့နယ် တရားရုံးမှ သမ္မာန်စာ ဆင့်ခေါ်စာ တစ်စောင်)
နိရဉ္စရာ၊ ဇူလိုင် ၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ရခိုင်ရွာကို တည်ထောင်သူ ရွာသား သုံးဦးအား မောင်တောမြို့နယ် တရားသူကြီးမှ သမ္မာန်စာဆင့်ခေါ်လိုက်သည်ဟု သိရသည်။

“ အခေါ်ခံရသူတွေက ကျွန်တော်ရယ်၊ ဦးထွန်းမြင့်ဦးနဲ့ သူ့ဇနီး ဒေါ်ဥမ္မာကျော်တို့ ဖြစ်ကြပါတယ်။ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်က လက်မှတ်ရေးထိုးပြီး သမ္မာန်စာဆင့်ခေါ်ထားတာဖြစ်ပါတယ်။ ဒီနေ့တော့ တစ်ဦးခရီးလွန်နေတဲ့ အတွက် နှစ်ဦးဘဲ တရားရုံးကို သွားမှာ ဖြစ်ပါတယ်” ဟု သမ္မာန်စာဆင့်ခေါ်ခံရသူ သုံးဦးထဲက တစ်ဦးဖြစ်သူ ဦးအောင်နိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

တရားရုံးမှ ဆင့်ခေါ်သည့် သမ္မာန်စာထဲတွင် လူကြီးမင်းသည် (၁) ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အရ ရာဇ၀တ်မူကို ကျူးလွန်ကြောင်းနှင့် စွဲချက်ကို ထုချေရှင်းလင်းရန် လာရောက် စေလိုသည်ဖြစ်၍ တရားသူကြီးရှေ့သို့ (၂) ကိုယ်တိုင် ၂၀၁၈ ခုနှစ် ဇူလိုင် ၉ ရက် ၁၀: ၀၀ အချိန်ကို မပျက်မကွက် လာရောက်ရမည်ဟု ဖော်ပြထားသည်။

“မောင်တောတောင်ပိုင်း သင်္ဘောကွေ့ ရခိုင်ရွာကို တည်တဲ့နေရာမှာ အစိုးရကို အကြောင်းမကြား၊ ခွင့်မပြုဘဲ ရခိုင်ရွာကို တည်လို့ပေါ့။ ဒီအတွက် သမ္မာန်စာဆင့်ခေါ်တာပါ။ ကျွန်တော်တို့က ဒီရွာကို တည်တယ်ဆိုတာက ဒီရွာက ရှေးရခိုင် ဘိုးဘွားတွေ နေထိုင်ခဲ့တဲ့ရွာ ဖြစ်တဲ့အတွက် ရွာတည်တာပါ” ဟု ဦးအောင်နိုင်က ပြောဆိုသည်။

ယခုအသစ်တည်ဆောက်သည့် သင်္ဘောကွေ့ရာတွင် ယခင်က အိမ်ခြေ ၄၈ ဆောင်ရှိရာမှ လက်ရှိ အချိန်တွင် အိမ်ခြေ ၅၀ ကျော်သွားပြီ ဖြစ်ကြောင်း လူဦးရေ ၂၃၀ ခန့်ရှိကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ သုံးဦးကို ဦးတည်ပြီး လုပ်တာက ဘာလို့လည်းဆိုတော့ ဒါက ရွာမှာက ကျွန်တော်တို့က ခေါင်းဆောင်ပေါ့နော်။ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ ရွာ၊ ကျွန်တော်တို့ တည်ထောင်ထားတဲ့ရွာ။ ကျွန်တော်တို့ကို ဖြိုလိုက်ရင် ဒီ ရွာပြိုသွားမယ်ဆိုတဲ့ သဘောနဲ့ ကျနော်တို့ သုံးဦးကို ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်က ဆက်လက် ပြောကြားသည်။

ယခု သင်္ဘောကွေ့ရွာကို တည်ထောင်ရခြင်းမှာ ရှေးယခင်က ဆုံးရှုံးသွားခဲ့သည့် ရွာကို ပြန်လည် တည်ထောင်ခြင်း ဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ သင်္ဘောကွေ့ရွာသည် အနောက်ဘက်တံခါး လုံခြုံရေး အတွက် အရေးကြီးသော နေရာတွင် တည်ရှိကြောင်း၊ နောက်တစ် တတိယအချက်မှာ သင်္ဘောကွေ့ရွာမှာ လမ်းသွားလမ်းလာ လုံခြုံရေးအတွက် အရေးကြီးကြောင်း၊ ဤရွာ တည်ရှိခြင်းအားဖြင့် မည်သူမဆို လွတ်လပ် လုံခြုံစွာ သွားလာနိုင်ကြောင်း သူက ပြောကြားသည်။

သင်္ဘောကွေ့ရွာအား (၇) ရက်အတွင်း ပြောင်းရွှေ့ရန် ဇူလိုင် ၃ ရက်နေ့ကလည်း ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများ ရွာသားများအား လာရောက်ညွှန်ကြားခဲ့သည်ဟု သိရသည်။

“ အဲဒီနေ့က ညွှန်ကြားတဲ့ အထဲမှာ ဘာပါသလဲဆိုတော့ ဒီရွာကို တည်တဲ့ အတွက် နိုင်ငံတကာ ဖိအားကြောင့် လို့ ပြောပါတယ်။ နိုင်ငံတကာမှာ သူတို့ ဖြေရှင်းနေရတာပေါ့၊ ရခိုင်မြေမှာ ရခိုင်နေလို့ နိုင်ငံတကာ ဖိအားကြောင့် ပြောင်းရွှေ့ခိုင်းတာပါ” ဟု သူက ပြောဆိုသည်။

ပထမဆုံး လာရောက်နေထိုင်သူများကို ကယ်ဆယ်ရေးဖြင့် မျှားခေါ်ပြီး တစ်ခြားနေရာသို့ ပြောင်းရွှေ့ ပစ်ခဲ့ကြောင်း၊ ဒုတိယ အကြိမ် လာရောက် နေထိုင်သူများကို Notic စာ ထုတ်ကြောင်း၊ ၎င်းစာထဲတွင် သင်္ဘောကွေ့ရွာတည်ခြင်းမှာ တရားဥပဒေနဲ့ မညီသည့် အတွက် ဖြိုပေးရန် လိုအပ်သည်ဟု ပါရှိကြောင်း၊ ရွာသားများက တရားဥပဒေနှင့် အညီ ရွာတည်လိုသဖြင့် မည်သို့ ရွာတည်ရပါမလဲဟု စာဖြင့် ရေးသား မေးမြန်းရာတွင် ပြန်လည် ဖြေကြားခြင်း မရှိကြောင်း သူက ပြောကြားသည်။

“ ဒီ သင်္ဘောကွေ့ဆိုတဲ့ နာမည်ကိုယ်က ရခိုင်နာမည်ပါ။ ဒီရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ရခိုင်တွေ နေထိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ၁၉၄၂ ခုနှစ် အဲဒီဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိဂရုဏ်းနောက်ပိုင်း မူဆလင်တွေ အဲဒီရွာမှာ ကျူးကျော် ၀င်ရောက် အခြေချနေထိုင်နေကြတာ ဖြစ်ပါတယ်။ အခု သူတို့က တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြပြီ။ ကျွန်တော်တို့က ရှေးရခိုင်ရွာမှာ ရွာလာတည်တာကို ဘင်္ဂလီ မူဆလင်တွေ နေထိုင်တဲ့ ရွာဖြစ်လို့ ခုလို မတည်ရဆိုပြီး လုပ်နေတာပါ” ဟု ပြောဆိုသည်။

ယခုကဲ့သို့ တရားရုံးက ဆင့်ခေါ်သော်လည်း တတ်သိနားလည်သူ ဥပဒေပညာရှင်များ၏ အကူအညီဖြင့် ဥပဒေကြောင်းအရ တရား ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ဦးအောင်နိုင်က ပြောကြားသည်။

ယခု သင်္ဘောကွေ့ရွာပြသနာနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပါ။

Narinjara
https://www.facebook.com/Narinjara-151742128171206
သင်္ဘောကွေ့ ရွာတည်သူ ရွာခေါင်းဆောင်သုံးဦးကို တရားရုံးမှ သမ္မာန်စာဆင့်ခေါ် သင်္ဘောကွေ့ ရွာတည်သူ ရွာခေါင်းဆောင်သုံးဦးကို တရားရုံးမှ သမ္မာန်စာဆင့်ခေါ် Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.