သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိဖို့ တောင်သူတွေ ဆန္ဒပြ

တောင်သူတွေ သိမ်းဆည်းခံလယ်ယာမြေတွေပြန်ရဖို့ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ၂၀၁၈ ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်/ Photo: Zaw Htun's Facebook
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်မှာ နဝဒေးသကြားစက်နဲ့ ရဲတပ်ရင်း အမှတ် (၁၀)က သိမ်းယူခဲ့တဲ့ လယ်မြေဧက ၂၀၀ ကျော်ကို မူလတောင်သူတွေထံ တရားဝင်လွှဲပြောင်းပေးဖို့ ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်က ဒေသခံတောင်သူတွေကို ပြန်လည်ပေး သင့်တယ်လို့ ၂၀၁၂ ခုနှစ်မှာ အစီရင်ခံစာတင်သွင်းခဲ့ပေမယ့် လက်ရှိအချိန်အထိ တရားဝင်လွှဲပြောင်းပေးမှု မရှိသေးဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဇော်ထွန်း က ပြောပါတယ်။

“သိမ်းဆည်းခံလယ်ယာမြေကို ပြည်ထောင်စုလွှတ်တော်က အစီရင်ခံစာပါအတိုင်း လက်တွေ့ကျကျ မူလ တောင်သူတွေကို လက်ရှိလက်ငုတ်လက်ရင်းအတိုင်း ပြန်လည်ရရှိဖို့ ပြန်လည်ပေးပါဆိုပြီး တောင်း ဆိုခဲ့တယ်။ လူဦးရေ ၁၀၀ ကျော်ပါတယ်။ ပြည်မြို့နယ်မှာရှိတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ တည့်တည့်မှာ ပြတာ။ ဆန္ဒပြပွဲတွေက ဟိုးတစ်နှစ်ကတော့ လုပ်ဖူးတယ်။ အခုမှပြန်လည် တာ။ ပြန်ရနိုးရနိုးနဲ့ ရှိတော့ ကျနော်တို့ကို စားကျက်မြေသတ်မှတ်တော့ စားကျက်မြေမဟုတ်ကြောင်း ဆန္ဒပြရတယ်။ သိမ်းဆည်းခံမြေပြန်ရဖို့ ဆန္ဒပြကြတယ်။”

အဲဒီလယ်ယာမြေတွေကို ၁၉၉၆-၁၉၉၇ ခုနှစ်လောက်က သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရ မှုကြောင့် ပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်မြို့နယ်အတွင်းက အနောက်လက်ခုပ်ပင်၊ ရှမ်းစုနဲ့ ရှမ်းကုန်းကျေးရွာက သိမ်းဆည်းခံ မြေဧက ၂၀၀ ကျော်ကို ဒေသခံ တောင်သူတွေ ကို လယ်မြေအဖြစ် ပြန်လည်ပေးအပ်သင့်တယ်လို့ လွှတ်တော်ထံအစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ မြေစစ်ဌာနက အဲဒီမြေတွေကို နွားစား ကျက်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ဒေသခံတွေကို လယ်မြေအဖြစ်ပြန်ချပေးခြင်းမရှိဘူးလို့ တောင်သူတွေက ပြော ပါတယ်။

အရင်က တောင်သူတွေဟာ အဲဒီမြေတွေမှာ နှမ်းစိုက်ပျိုးခဲ့ပြီး အစိုးရအစီအစဉ်နဲ့ ဝါနဲ့ ကြံတို့ကိုလည်း စိုက်ပျိုးခဲ့ကြောင်းနဲ့ အခွန်ပေးသွင်းခဲ့တဲ့ မြေခွန်ပြေစာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အဲဒီလယ်မြေ ဧက ၂၀၀ ကျော်မှာ တောင်သူ ၆၀ နီးပါးက လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိဖို့ တောင်သူတွေ ဆန္ဒပြ သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိဖို့ တောင်သူတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 19:26 Rating: 5
Powered by Blogger.