ယုံကြည်မှုရှိရင် မြန်မာပြည် ငြိမ်းချမ်းမယ်လို့ ထိုင်း ပါမောက္ခ ပြောဆို

(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ၂ဝ၁၈၊ ဇူလိုင် ၁၁ ရက်နေ့က ကျင်းပစဉ်)
 မြန်မာအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ပင်လုံ ငြိမ်းချမ်းရေး ညီလာခံဟာ အောင်မြင်တိုးတက်မှုတွေ ထူးထူးခြားခြား ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အမှန်တကယ် အောင်မြင်ဖို့ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှာ ပါဝင်ဆောင်ရွက်နေသူတွေ အချင်းချင်း တစ်ဦးအပေါ်တစ်ဦး ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတဲ့ အချက်ကအဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်လို့ ဒီကနေ့ ဇူလိုင် ၂ဝ ရက်နေ့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ထိုင်း ပါမောက္ခ တစ်ဦးက ရေးသားလိုက်ပါတယ်။

အဲဒီ ညီလာခံကို အပြစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်တွေအပြင် လက်မှတ်မထိုးသေးတဲ့ တရုတ်မြန်မာနယ်စပ် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၇ ဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း၊ အဲဒီအဖွဲ့ဟာ အင်အားကြီးမားကြောင်းနဲ့ အပြိုင်အဆိုင် စစ်ကစားနေကြတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှုရရှိဖို့လိုကြောင်း စသဖြင့် ထိုင်းနိုင်ငံ သမာဆတ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ Dulyapak Preecharush ဒူလီယာပက် ပရီချာရပ်ခ်ျ ဆိုသူရေးတဲ့ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။

မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် မြန်မာ့တပ်မတော်ဟာ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်ပြည်ထောင်စု တစ်ခု တည်ဆောက်ရေးထက် သူတို့အချင်းချင်း စည်းလုံးညီညွတ်ရေးကိုသာ ဦးစားပေးတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို မြင်တွေ့ရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ လတ်တလော ဖြစ်ပေါ်မှုတွေကိုကြည့်ရင် ပဋိပက္ခဖြေရှင်းရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးတည်ရွေ့လျားနေတဲ့အတွက် တကယ်လို့ အစစအရာရာချောမွေ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ လာမယ့် ၂ဝ၂ဝ ခုနှစ် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေအပြီးမှာ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုအဖြစ် အောင်မြင်စွာ ပေါ်ထွက်လာနိုင်ပါတယ်လို့လည်း ထိုင်း ပါမောက္ခက ပရီချာရပ်ခ်ျက ဟောကိန်းထုတ်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ယုံကြည်မှုရှိရင် မြန်မာပြည် ငြိမ်းချမ်းမယ်လို့ ထိုင်း ပါမောက္ခ ပြောဆို ယုံကြည်မှုရှိရင် မြန်မာပြည် ငြိမ်းချမ်းမယ်လို့ ထိုင်း ပါမောက္ခ ပြောဆို Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.