ကမ်းပါးယံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ ရှိလာ

တောင်ကမ်းပါးယံပြိုကျခဲ့တဲ့ မဟာ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်နေရာကို တွေ့ရစဉ်။ Photo: Tin Hlaing - facebook
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါရွာအနီးက မဟာအစ ပထမ ကုမ္ပဏီလုပ်ကွက်မှာ ဇူလိုင် ၁၄ ရက်နေ့က တောင်ကမ်းပါးယံပြိုကျခဲ့တာကြောင့် သေဆုံးသူ ဒီကနေ့အထိ စုစုပေါင်း ၂၂ ဦးကို ရှာဖွေတွေ့ ရှိထားပြီး ဆေးရုံတက်ရောက်နေရသူ ၁၉ ဦး ရှိတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကမ်းပါးယံပြိုကျလို့ သေဆုံးသူတွေအပြင် ပျောက်ဆုံးနေကြောင်း စာရင်းပေးထားသူ ၆ ဦးထဲက ၅ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။ 

"ရှာနေတယ်။ မနေ့တုန်းက အလောင်း ၂ လောင်းတွေ့တယ်။ ၁ လောင်းတော့ ဆယ်ပြီးတယ်။ ၁  လောင်းကတော့ ဒီကနေ့မှာဆယ်နေတယ်။ စုစုပေါင်း သေဆုံးတာ ၁၇ ယောက်၊ ပျောက်ဆုံး ၆ ယောက်။ ပျောက်ဆုံး ၆ ယောက်မှာမှ မနေ့တုန်းကအထိဆိုရင်တော့ ၅ လောင်းတွေ့တာပေါ့နော်။ ၅  လောင်းတွေ့တဲ့အတွက် စုစုပေါင်း ၂၂ ယောက်ဖြစ်သွားမှာပေါ့ သေဆုံးတာ။ ပျောက်ဆုံးနေတာက ၁ ယောက်ကျန်အုံးမှာ။ ဆေးရုံတက်နေတာ ၄၃ ယောာက်ထဲမှာ ၁၉ ယောက်ပဲ ကျန်တော့တယ်။ ၂၄ ယောက်ဆင်းသွားပြီ။"

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူတွေကို လူမှုရေးအကူအညီအဖြစ် ထောက်ပံ့ငွေတွေ ပေးအပ် ခဲ့ပြီး ထောက်ပံ့ဖို့ ကျန်နေတဲ့သူတွေကိုလည်း ဆက်လက်ပေးအပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေဘက်ကို မသွားလာကြဖို့ အသိပေးဆိုင်းဘုတ်တွေကို ထပ်မံ စိုက်ထူ သွားမယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၄ ရက်နေ့က ကျောက်တောင်ကမ်းပါယံမြေပြိုပြီး အောက်ခြေမှာရှိတဲ့ နွံအိုင်ထဲကို ပြုတ်ကျတဲ့အတွက် ဒဏ်ရာရ သေဆုံးခဲ့တဲ့နေရာဟာ ၂၀၁၈ ဧပြီလမှာ သက်တမ်းကုန်ဆုံးခဲ့တဲ့ မဟာကုမ္ပဏီရဲ့ လုပ်ကွက် အဟောင်းလို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ရေးမဆေးကျောက်ရှာဖွေ တူးဖော်ကြသူတွေ အများစုအပါအဝင် တစ်နိုင်ငံလုံး က ရွှေ့ပြောင်းလုပ်ကိုင်နေကြသူအရေအတွက်ဟာ ၂ သိန်းဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကမ်းပါးယံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ ရှိလာ ကမ်းပါးယံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ ရှိလာ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.