မိုးကုတ်မြို့ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကြောင့် လူနေအိမ်များ ပြိုအက်ကွဲနေ


မန္တလေး ၂၀ ဇူလိုင်

မိုးကုတ်မြို့ သဒွတ်သျှိုကျေးရွာအုပ်စု ကျောက်ဆောင်ကျေးရွာတွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကြောင့် လူနေအိမ် အများအပြား ပြိုအက်ကွဲမှုများဖြစ်ပေါ်နေကြောင်း ကျောက်ဆောင် ကျေးရွာအုပ်ချူပ်ရေးမှူး ဦးအုန်းဖေကပြောသည် ။

ကျေးရွာရှိနေအိမ်များသည် ကျောက်တွင်းလုပ်ကွက်များဖြင့် ကပ်လျက်တည်ရှိနေပြီး ကျောက်တွင်း တူးဖော်ရေးစက်ယန္တရားများဖြင့် တူးဖော်နေခြင်း၊ ယမ်းဖောက်ခွဲခြင်းများ ပြုလုပ်နေမှုတို့ကြောင့် ကျေးရွာရှိ နေအိမ်များ ပြိုအက် ပျက်စီးလျက်ရှိသည် ။

" လုပ်လာတဲ့သက်တမ်းတစ်လျောက် ကလည်း မနည်းတော့ဘူ။ အဲ့လိုလုပ်လာတဲ့ သက်တမ်းတစ်လျောက်လုံး လည်း ကောင်းကောင်းမအိပ် ၊ကောင်းကောင်းမစားရဘူး။ ကုမ္ပဏီက ယမ်းခွဲလိုက်ရင် အိမ်က တုန်ခါသွားတယ် " ဟု ရပ်ကွက်နေ ကိုရန်နိုင်ထွန်းကပြောသည် ။

အဆိုပါ လူနေအိမ်များ ပြိုအက်ကွဲနေမှုကြောင့် ကျေးရွာသူရွာသားများမှ နိုင်ငံတော် သမ္မ္မတကြီး အပါအဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ထံသို့ ၃၀ . ၁ . ၂၀၁၇ တွင် တိုင်းကြားစာပို့ခဲ့ပြီး မတ်လ ၂၄ ရက်နေ့တွင် သံယဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အကြောင်းကြားစာပြန်လည်ပို့ခဲ့သည်ဟု သိရသည်။

အဆိုပါအကြောင်းကြားစာတွင် ကျောက်မျက်တူးဖော် နေသော ကုမ္ပဏီးများအနေဖြင့် ဆက်စပ်လျက်ရှိသော နေအိမ်များအား တာဝန်ယူပြုပြင်ပေးရန် ညွှန်ကြားစာပို့ခဲ့ပြီး တာဝန်ယူဆောင်ရွက်ခြင်း မရှိပါက ထောင်ဒဏ် ၃ နှစ်ထိ ဖြစ်စေ ငွေဒဏ် ဖြစ်စေ၊ နှစ်ရပ်လုံးချမှတ်နိုင်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည် ။

" အိမ်တွေပျက်ဆီးတာကို လျော်ကြေးပေးပို့အတွက် ကုမ္ပဏီတွေ ကို ရပ်ကွက်ကသူတွေက လက်မှတ်ထိုး တောင်းဆိုတယ် လျော်ကြေးပေးတာတွေလည်းရှိတယ်။ လျော်ကြေး ကို ကျွန်တော်တို့က မယူတာ ဘာလို့လည်းဆိုတော့ ပြင်ဆင် စရိတ်က သိန်း ၂၀ ပဲပေးတယ် " ဟုနေအိမ် ပြိုအက်ကွဲမှုဒဏ်ခံစားနေရသော ဦးကျော်သန်းကပြောသည် ။
လူနေအိမ်များ ပြိုအက်ကွဲမှုဒဏ်ခံစားနေရသော ကျေးရွာအနီးတွင် ကျောက်မျက်လုပ်ကွက်များမှာ လျန်ရှင်းကျောက်မျက်ကုမ္ပဏီ ၊ သက်နိုင်အောင်ကျောက်မျက်ကုမ္ပဏီ ၊ မာစီဖူးလ်ကျောက်မျက်ကုမ္ပဏီ ၊ ဌေးပိုင်ကျောက်မျက်ကုမ္ပဏီ ၊ နယူးရူဘီကျောက်မျက်ကုမ္ပဏီ ၊ ဇမ္ဗူအောင်ကုမ္မဏီ တို့ဖြစ်သည် ။
ယင်း ကျောက်မျက်ကုမ္ပဏီများမှာ ကျေးရွာအောက် ခြေရှိ ပေပေါင်း ၁၈၀၀ အောက်ထိ တူးဖော်ခဲ့ကြပြီး ကုမ္ပဏီတစ်ခုချင်းစီ၏ တွင်းပေါင်း ၇၀ ခန့်ရှိကြောင်းသိရသည် ။

" တွင်းတွေက ရွာရဲ့အောက်ခြေမှာ လှိုင်ခေါင်းတွေ အများကြီးရှိတယ် အဲ့ဒီလှိုင်ခေါင်းတွေက တစ်ဖြေးဖြေးအိကျလာပြီး အိမ်တွေ ပြိုအက်တာပေါ့ " ဟု ရပ်ကွက်ဒေသခံ ဦးထွန်းသိန်းကပြောသည် ။

အဆိုပါ ကျောက်မျက်လုပ်ကွက်များကို ၁၉၉၅ ကျောက်မျက်ဥပဒေအရ ချထားပေးခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ဥပဒေသစ်ကို ပြောင်းလဲပြီးနောက် လုပ်ကွက်သစ်များကို ရပ်ဆိုင်းထားခဲ့သည်။

မိုးကုတ်မြို့တွင် ပတ္တမြား၊ နီလာ၊ ဥဿဖရား၊ မြ၊ ဂေါ်မိတ်၊ စလင်း စသည့် ကျောက်မျက်ရတနာ သုံးဆယ့်ငါးမျိုးခန့် ထွက်ရှိသော မြို့တစ်မြို့ဖြစ်သည် ။

သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိုးကုတ်မြို့ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကြောင့် လူနေအိမ်များ ပြိုအက်ကွဲနေ မိုးကုတ်မြို့ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကြောင့် လူနေအိမ်များ ပြိုအက်ကွဲနေ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.