စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့နယ်၊ နမ့်တောကျေးရွာ၌ ဇူလိုင်လ ၃၀ ရက်နေ့ က ပထွေးနှင့် မယားပါသား စကားများရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပွား၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့နယ်၊ နမ့်တောကျေးရွာနေ မနှင်းနှင်းဖြူ(၁၉)နှစ်သည် နေအိမ်၌ အိပ်ပျော်နေစဉ် အစ်ကိုဖြစ်သူ နေမျိုးထွန်း(၂၂)နှစ်နှင့် ပထွေးဖြစ်သူ ညီညီ(၃၇)နှစ်တို့ နေအိမ်အောက်ထပ်တွင် စကားများရန်ဖြစ် သံကြားခဲ့ပြီး ပထွေးဖြစ်သူ ညီညီ မှ နေအိမ်အပေါ်ထပ်သို့ တက်သွားခဲ့ကြောင်း၊ ထို့နောက် ၁၀ မိနစ်ခန့်အကြာ ပထွေးဖြစ်သူ ညီညီမှ နေမျိုးထွန်း လာအုံးဟု ခေါ်ခဲ့ပြီး ထပ်မံစကားများရန်ဖြစ်သံ နှင့် လဲကျဆူညံသံများကြားခဲ့ကြောင်း၊ မနှင်းနှင်းဖြူ မှ ၎င်းတို့(၂)ဦးသည် မကြာခဏ စကားများရန်ဖြစ် နေသဖြင့် နေအိမ်အပေါ်ထပ်သို့ တက်ရောက်ကြည့်ရှုခြင်းမရှိဘဲ လှေကားမှ ပြုတ်ကျသံကြား၍ ထွက် ကြည့်ခဲ့ရာ လှေကားရင်းတွင် အစ်ကိုဖြစ်သူ နေမျိုးထွန်း အား ဓားထိုးဒဏ်ရာ(၁)ချက်ရရှိကာ လဲကျ သေဆုံးနေသည်ကို တွေ့ရှိရသည်။
အစ်ကိုဖြစ်သူအား သေဆုံးအောင်ဓားဖြင့် ထိုးခဲ့သူအား အရေး ယူပေးရန်တိုင်တန်းချက်အရ ညီညီ အား မိုင်းကိုင်းနယ်မြေရဲစခန်း (ပ)၃၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်