မန္တလေးခရိုင်အတွင်းရှိ ရေသန့်စက်ရုံ ၁၆ ရုံအား ယာယီပိတ်သိမ်း


မန္တလေး ၁၆ ဇူလိုင်

မန္တလေးခရိုင်အတွင်းရှိ ရေသန့်စက်ရုံ ၁၆ ရုံကို ယာယီပိတ်သိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်ထံကသိရသည်။

ရေသန့်စက်ရုံများကို ရှောင်တခင် စစ်ဆေးရာ FDA ကသတ်မှတ်ထားသည့် စည်းကမ်းချက် များမလိုက်နာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် မန္တလေးတွင် ၁၆ ရုံ၊ မိတ္ထီလာတွင် စက်ရုံ ၄ ရုံ နှင့် ပြင်ဦးလွင် တွင် စက်ရုံ ၆ ရုံတို့ကို ယာယီပိတ်သိမ်း အရေးယူထားသည်။

" အဓိကတော့ ရေသန့်စက်ရုံတွေကို သွားပြီးစစ်ဆေးတဲ့အချိန်မှာ သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ပိတ်သိမ်းတာပေါ့ ။ တကယ်လို့ စည်းကမ်းချက်တွေလိုက်နာပြီး သတ်မှတ်စည်းကမ်းတွေနဲ့ ကိုက်ညီမယ်ဆိုရင် ခွင့်ပြုပေးတယ်။ နောက်ပြီး ခွင့်ပြုပြီးရင်လည်း ပြန်လည်ပြီးရှောင်တခင်စစ်ဆေးတယ် " ဟု ၎င်း ကပြောသည်။

အဆိုပါရေသန့်စက်ရုံများကို ယာယီပိတ် သိမ်းချိန်အတွင်း သတ်မှတ်ထားသည့် စည်းကမ်း ချက်များအတိုင်း ပြန်လည်ပြင် ဆင်ရန် လိုအပ်ကြောင်းနှင့် စည်း ကမ်းချက်များနှင့် ကိုက်ညီသည့် ထုတ်လုပ်မှုစနစ်ရှိမှသာ ပြန်လည် ထုတ်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

" အရေးယူမှုတွေကတော့ ဒဏ်ငွေသုံးသောင်းနဲ့ ထောင်ဒဏ် ၃ နှစ်ပေါ့။ ထောင်ဒဏ်ကတော့ ဆေးဝါးကွပ်ကဲရေးနဲ့ဆိုင်တာပေါ့။ ဆေးဝါးကကျတော့ ဓာတုပစ္စည်းပါ၊ မပါစစ်ဆေးတယ်။ ပါတယ်ဆိုရင်တော့ ရဲလက်တစ်ခါတည်းအပ်တာပေါ့ " ဟု ၎င်းကဆက်ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထောက်ခံချက်လက်မှတ်ရရှိရန် ရေသန့်စက်ရုံ၏ အခန်းဖွဲ့စည်းပုံ၊ လုပ်သားများ၏ ဝတ်စုံနှင့်ရေအရည်အသွေးများ အဓိက စစ်ဆေးခံရပြီး ယင်းအချက်များ ကိုက်ညီလျှင် ခွင့်ပြုလက်မှတ်ထုတ်ပေးသည် ဟုသိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန စာရင်းများအရ မန္တလေးခရိုင်အတွင်းတွင် ရေသန့်စက်ရုံပေါင်း ၂၀၀ ကျော်ရှိသည်ဟုသိရ သည်။

သူရိန်လင်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
မန္တလေးခရိုင်အတွင်းရှိ ရေသန့်စက်ရုံ ၁၆ ရုံအား ယာယီပိတ်သိမ်း မန္တလေးခရိုင်အတွင်းရှိ ရေသန့်စက်ရုံ ၁၆ ရုံအား ယာယီပိတ်သိမ်း Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.