ဖောင်းပြင်မြို့နယ်၌ သတင်းထောက် ၄ ဦးမှ ကျေးရွာဒေသခံများထံ ခြိမ်းခြောက် ငွေတောင်းခံမှု


၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ ၁၃၀၀ အချိန် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ အောင်ဖြိုးဝေ(၂၁)နှစ် ပါသတင်းထောက် ၄ ဦး ရောက်ရှိလာပြီး ၎င်းတို့အား နေပြည်တော်မှ မော်လိုက်ခရိုင်သို့ တာဝန်ပေးသဖြင့် ဖမ်းဆီးရေးအဖွဲ့စုံဖြင့် လာခဲ့ကြောင်း၊ ကျေးရွာရှိ ဦးခင်မောင်၏ နေအိမ်ခြံဝင်းအတွင်း အ.ထ.က(ခွဲ)၊ ဝန်ထမ်းအိမ်ရာနှင့် ဓမ္မာရုံဆောက်လုပ်ရန် စုထားသည့် ကညင်/အင် ခွဲသား ၁ တန်ခန့်တွေ့ရှိ၍ ဓာတ်ပုံရိုက်ခဲ့ပြီး သစ်စက်လုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာနေ ဦးသန်းရွှေပါ ကျား ၁၀ ဦးထံမှ တစ်ဦးလျှင် ၁၅၀,၀၀၀ ကျပ်နှုန်းဖြင့် ကျပ် ၁၅ သိန်း ပေးဆောင်ရန်၊ မပေးဆောင်ပါက ဖမ်းဆီးကာ ပြင်းထန်ဒဏ်ရာများရရှိအောင် ရိုက်ပုတ် နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းခတ်ရန် စုထားသော ကျပ် ၁၀ သိန်းအား ပေးခဲ့ကြောင်း။


 ၁၅၀၀ အချိန်တွင် အဆိုပါသတင်းထောက် ၄ ဦးသည် ချင်းတွင်းမြစ်ကမ်းဘေး၌ ဈေးရောင်းနေသူ ဒေါ်မြင့်အုန်း(၄၈)နှစ် အား ဈေးဆိုင်၌ ဘီယာရောင်းချနေသဖြင့် ဖမ်း၍ရကြောင်း၊ အဖမ်းမခံချင်လျင် ၎င်းတို့အား ခရီးစရိတ် ၅၀,၀၀၀ ကျပ် ပေးရန် ပြောဆိုသဖြင့် ဒေါ်မြင့်အုန်းမှ ဖမ်းဆီးခြင်းမပြုရန် တောင်းပန်ပြီး ငွေ ၂၀,၀၀၀ ကျပ် ပေးခဲ့ရကြောင်း။

 ၁၆၁၅ အချိန်တွင် အောင်ဖြိုးဝေ ပါ ၄ ဦး ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် ၁၉၃၀ အချိန် ရပ်မိ၊ရပ်ဖ ဦးထွန်းရင်မှ တိုင်တန်း၍ ခြိမ်းခြောက်ငွေတောင်းသူ အောင်ဖြိုးဝေပါ ၄ ဦး(ဖမ်းမမိ) အား ဖောင်းပြင်မြို့မရဲစခန်း(ပ) ၇၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ (ခြောက်လှန့်တောင်းယူမှု/ အားပေး ကူညီမှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ပါသည်။

ထို့နောက် ဖောင်းပြင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောင်ဖြိုးဝေပါကျား ၄ ဦး အား ဖောင်းပြင်မြို့နယ်၊ မောက်စဖာကျေးရွာ ဆိပ်ကမ်း၌ ဖမ်းဆီးရမိခဲ့ပြီး တရားခံများထံမှ လက်ကိုင်ဖုန်း ၄ လုံး၊ နေပြည်တော်တိုင်း(မ်)မီဒီယာ မှုခင်းနှင့်သတင်းစုံ အသင်းအဖွဲ့ ကတ် ၄ ခုနှင့် ရင်ထိုး တံဆိပ် ၃ ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် တရားခံ အောင်ဖြိုးဝေပါကျား ၄ ဦးအား ဖောင်းပြင်မြို့မရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး ယူဆောင်သွားသည့် ကျပ် ၁,၀၂၀,၀၀၀ သိန်း သိမ်းဆည်းရမိရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် အောင်ဖြိုးဝေ ပါကျား ၄ ဦးအား ဖောင်းပြင်မြို့မရဲစခန်း (ပ)၇၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ (ခြောက်လှန့်တောင်းယူမှု/ အားပေးကူညီမှု)ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေး လျက်ရှိကြောင်းသတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar
ဖောင်းပြင်မြို့နယ်၌ သတင်းထောက် ၄ ဦးမှ ကျေးရွာဒေသခံများထံ ခြိမ်းခြောက် ငွေတောင်းခံမှု ဖောင်းပြင်မြို့နယ်၌ သတင်းထောက် ၄ ဦးမှ ကျေးရွာဒေသခံများထံ ခြိမ်းခြောက် ငွေတောင်းခံမှု Reviewed by THITHTOOLWIN on 11:36 Rating: 5
Powered by Blogger.