စစ်တွေမှရန်ကုန်သို့ ပျံသန်းသည့် Air KBZ လေယာဉ် သံတွဲလေဆိပ်တွင် အရေးပေါ်ဆင်းသက်ရ



နိရဉ္စရာ၊ ဇူလိုင် ၂၀

ယနေ့ ညနေပိုင်းတွင် စစ်တွေမှ ရန်ကုန်သို့ ပျံသန်းလာသော Air KBZ လေကြောင်းလိုင်း လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် ငှက်နှင့်တိုက်မိရာမှ ရှေ့မှန်ကွဲအက်သွားသဖြင့် သံတွဲ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု သတင်းရရှိသည်။

သံတွဲ လေယာဉ်ကွင်းတွင် ယနေ့ တာဝန်မှူးကျသူ ဒုရဲအုပ် နေလင်းဦးက “ စစ်တွေကနေ ရန်ကုန်ကို ပျံသန်းတဲ့ လေယာဉ်ပါ။ KBZ လေယာဉ်ပါ။ သိရတာကတော့ ပျံသန်းနေစဉ် ငှက်နဲ့ တိုက်မိတယ်လို့ သိရပါတယ်။ ရှေ့မှန်ကွဲအက်သွားတဲ့ အတွက် ဒီနေ့ ညနေ ၄ နာရီကျော်မှာ သံတွဲ လေဆိပ်ကို အရေးပေါ်ဆင်းသက် ရပ်နားခဲ့ရပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လေယာဉ်ပေါ်တွင် ခရီးသည် ၄၂ ဦးပါရှိပြီး လေယာဉ်မှာ ဆက်လက် ပျံသန်းနိုင်ခြင်းမရှိသဖြင့် သံတွဲလေဆိပ်တွင် ရပ်နားထားရသည်ဟု သိရသည်။

“ အခု ခရီးသည်တွေကို လေကြောင်းလိုင်းက ငပလီ မဇင်က ဟိုတယ်တွေမှာ နေရာချပေးထားပါတယ်။ သက်ဆိုင်ရာပိုင်းကတော့ လိုအပ်တဲ့ လုံခြုံရေး အပါအ၀င် အစစအရာရာ လိုအပ်တာတွေကို စီစဉ်ပေးပါတယ်။ မနက်ဖြန် မနက် ၆ နာရီမှာ KBZ လေယာဉ်တစ်စီးလာပြီး ခရီးသည်တွေကို ယူဆောင်မှာ ဖြစ်ပါတယ်” ဟု ဒုရဲအုပ် နေလင်းဦးက ဆက်လက် ပြောဆိုသည်။

ယနေ့ ပျံသန်းလာသည့် Air KBZ လေယာဉ်အမှတ်မှာ XY AMAK7-422 ART 72 ဖြစ်ပြီး လေယာဉ်မှူးမှာ ကပ္ပတိန် မြင့်ဇော်ဦး ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/pg/Narinjara
စစ်တွေမှရန်ကုန်သို့ ပျံသန်းသည့် Air KBZ လေယာဉ် သံတွဲလေဆိပ်တွင် အရေးပေါ်ဆင်းသက်ရ စစ်တွေမှရန်ကုန်သို့ ပျံသန်းသည့် Air KBZ လေယာဉ် သံတွဲလေဆိပ်တွင် အရေးပေါ်ဆင်းသက်ရ Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.