ဂူထဲမှာပျောက်နေတဲ့ ကျောင်းသားတွေ အသက်ရှင်နေဆဲလို့ ထိုင်းယုံကြည်

၂ဝ၁၈ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း သမ်လာမ်နန်းနွန်ဂူအတွင်း ပိတ်မိနေတဲ့ ဘောလုံးနည်းပြနှင့် ကျောင်းသားလေးများ အသုံးပြုခဲ့သည့် စက်ဘီးများ။(Photo: AFP)
ထိုင်းနိုင်ငံမြောက်ပိုင်းက ရေမြုပ်နေတဲ့ဂူကြီးတခုထဲမှာ ပျောက်ဆုံးနေတဲ့ ကျောင်းသားလေး ၁၂ ဦးနဲ့ သူတို့ရဲ့ဘောလုံးနည်းပြတို့ကို နည်းပေါင်းစုံနှဲ့ရှာဖွေတာမတွေ့သေးပေမဲ့ သူတို့အသက်ရှင် လျှက်ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

ချင်းရိုင်ပြည်နယ်ထဲက အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အကြား ကျောင်းသားလေးတွေဟာ ၂၅ နှစ် အရွယ် သူတို့ရဲ့ဘောလုံးနည်းပြနဲ့အတူ သမ်လာမ်နန်းနွန်ဂူထဲကို စနေနေ့ညနေပိုင်းက ဝင်သွားခဲ့ကြ တာဖြစ်ပါတယ်။ သူတို့ထဲက တယောက်ရဲ့မိခင်က သူ့သားက ဘောလုံးလေ့ကျင့်ရာက ပြန်မလာတဲ့ အကြောင်း ရဲကိုသတင်းပို့တဲ့အတွက် စပြီးရှာဖွေခဲ့တာပါ။
ရေတပ်က ရေငုတ်သမားတွေဟာ ကျောင်းသားတွေရှိမယ်လို့ အာဏာပိုင်တွေ ခန့်မှန်းတဲ့ ဂူအတွင်းဘက် ၂ မိုင်ခွဲအထိ ရေငုတ်ပြီး ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။ ဂူရဲ့စုစုပေါင်းအရှည်ဟာ ၄ မိုင်ခွဲရှိတယ် လို့ ဆိုပါတယ်။

အဲဒီဂူဟာ ထိုင်း၊ မြန်မာနယ်စပ်တောင်တန်းဒေသမှာ တည်ရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာ တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဇွန်လကနေ အောက်တိုဘာလအထိ မိုးရာသီအတွင်း ဆိုးဆိုး ဝါးဝါး ရေလွှမ်းမိုးခံရတတ်ပါတယ်။

ဂူအတွင်း ရောက်ဖို့သွားရတဲ့ လူသွားလမ်းဟာ အလွန်ကျဉ်းမြောင်းပြီး ရေတွေနဲ့အတူ သဲနဲ့ရွှံ့တွေဖုံးနေတဲ့အတွက် အထဲရောက်အောင်မသွားနိုင်ခဲ့ဘူးလို့ ဂူတည်ရှိရာ သစ်တောဥယျာဉ်ရဲ့ အရာရှိ တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း နိုင်ငံခြားခရီးသွားတွေ အဲဒီဂူထဲဝင်သွားချိန်မှာ ရေကြီးလာတဲ့အတွက် ပြန်ထွက်မရဘဲ ပိတ်မိနေခဲ့ဖူးပြီး ရက်အနည်းငယ်အတွင်းရေပြန်ကျသွားပြီးတဲ့ နောက် သူတို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဂူထဲမှာပျောက်နေတဲ့ ကျောင်းသားတွေ အသက်ရှင်နေဆဲလို့ ထိုင်းယုံကြည် ဂူထဲမှာပျောက်နေတဲ့ ကျောင်းသားတွေ အသက်ရှင်နေဆဲလို့ ထိုင်းယုံကြည် Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.