ဦးနေဝင်းမြေးတွေကို ယာဉ်မောင်းက တရားစွဲဆိုထားမှု ပြန်လည် ရုပ်သိမ်း

ယာဉ်မောင်းလိုင်စင် ပြန်ရဖို့ ဦးကျော်နေဝင်းဘက်ကအာမခံထား
ယာဉ်မောင်းတဦးကိုဆဲဆိုရိုက်နှက်တယ်ဆိုပြီးအမှုဖွင့်ခံထားရတဲ့ YBS 20 ယာဉ်လိုင်းပိုင်ရှင် ဦးကျော်နေဝင်း နဲ့ ဦးဇွဲနေဝင်းတို့ကို ညစ်ညမ်းစွာစွဲဆိုမှုအတွက် ပုဒ်မ ၂၉၄နဲ့ နာကျင်စေမှု အတွက်ပုဒ် ၃၂၃ တို့နဲ့ တရားစွဲထားတာကို တရားလိုဘက်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

YBS (၂၀) ယာဉ်လိုင်းပိုင်ရှင်တွေဖြစ်တဲ့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းအပေါ် ပုဒ်မ ၂ခုနဲ့စွဲဆို ထားတာကို တရားလိုဖြစ်သူ ယာဉ်မောင်းဦးအောင်မြတ်က ဇွန်လ ၁၅ရက်နေ့ ရုံးချိန်းမှာ ကျေအေးလွှာ တင်လိုက်တာဖြစ်ပါတယ်။

ဧပြီ ၂၈ရက်ကဖြစ်ပွားခဲ့တဲ့ YBS20 က ယာဉ်နှစ်စီးတိုက်မိရာမှာ ယာဉ်မောင်း ဦးအောင်မြတ်ကို ယာဉ်လိုင်း ပိုင်ရှင်တွေဖြစ်တဲ့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းက ဆဲဆိုရိုက်နှက်ခဲ့တယ်ဆိုပြီး လှိုင်သာယာတရားရုံးမှာ အမှုဖွင့်စွဲဆိုထားခဲ့တာဖြစ်ပါတယ်။

အမှုကိုပြန်လည်မရုပ်သိမ်းခင် ယာဉ်မောင်းတွေဘက်ကတောင်းဆိုထားတဲ့အချက် အားလုံးကို လိုက်လျော ပေးမယ်ဆိုပြီး ဦးကျော်နေဝင်းက ချိန်းဆိုညှိနှိုင်းခဲ့တယ်လို့ ယာဉ်မောင်းတွေဘက်က လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ ဦးမောင်မောင်ဟန်ကဘီဘီစီကိုပြောပါတယ်။

လုပ်ခလစာ နစ်နာကြေးတွေအပါအဝင် ရက်ပျက်ကြေးဖျက်တောက်ထားမှု ပြန်လည်ပေးအပ်တာအပါအဝင် တခြားအလုပ်သမားတွေအတွက်လည်း အလုပ်သမား ဥပဒေအတိုင်း ခံစားခွင့်ဆိုင်ရာ ကိစ္စတွေ ပါဝင်တယ်လို့ ဦးမောင်မောင်ဟန်က ပြောပါတယ်။

တရားလိုဘက်ကကျေအေးလွှာကိုတရားရုံးတင်လိုက်ပြီးဖြစ်ပေမယ့် ရုံးတင်ပြီးအမှုဖြစ်တာကြောင့် ပိတ်သိမ်းလို့ရမရကိုတော့ လာမယ့်ရုံးချိန်းမှသာသိရမှာဖြစ်ပါတယ်။

ယာဉ်မောင်းဖြစ်သူဦးအောင်မြတ်ဘက်က သူ့ကို ယာဉ်လိုင်းပိုင်ရှင်တွေဖြစ်တဲ့ဦးကျော်နေဝင်းနဲ့ဇွဲနေဝင်းတို့ ၂ဦးစလုံးက ကိုယ်ထိလက်ရောက်ရိုက်နှက်တယ်လို့ ပြောဆိုထားပေမယ့် ကာယကံရှင်တွေကတော့ မဟုတ် ဘူး လို့ ပြန်လည်ငြင်းဆိုထားပါတယ်။

ယာဉ်မောင်းတွေဘက်က တရားစွဲဆိုထားတာကို ပြန်လည်ရုပ်သိမ်းပေးခဲ့သလို ယာဉ်မောင်းတွေအပေါ် စွဲဆိုထားတဲ့ ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉နဲ့စွဲဆိုထားတာကိုလည်းကုမ္ပဏီဘက်က ပြန်လည် ရုပ်သိမ်းပေးဖို့ ယာဉ်မောင်းလိုင်စင် ပြန်ရဖို့ ဦးကျော်နေဝင်းဘက်ကအာမခံထားတယ်လို့ ဦးမောင်မောင်ဟန် ကပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လျော်ကြေးပေးပြီး ပြီးသွားမှာပါလို့ ပြောဆိုဝေဖန်တာတွေလည်းရှိခဲ့တဲ့အတွက် အခုလိုအမှုရုပ်သိမ်းခဲ့ရာမှာ အလုပ်သမားတွေရဲ့ရပိုင်ခွင့်ကလွဲလို့ ငွေကြေးတစုံတရာရယူထားတာမျိုး မရှိဘူးဆိုတဲ့အကြောင်း ကာယကံရှင်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲလုပ်သွားဖို့ရှိတယ်လို့လည်း ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ဦးမောင်မောင်ဟန် ကဘီဘီစီကိုပြောပါတယ်။

သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်ဆိုတာကို ဦးကျော်နေဝင်းနဲ့ပြောဆိုထားတာ မှန်ကန်ကြောင်း ကုမ္ပဏီဘက်ကလည်း ပြန်လည်အတည်ပြုပြောဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဦးနေဝင်းမြေးတွေကို ယာဉ်မောင်းက တရားစွဲဆိုထားမှု ပြန်လည် ရုပ်သိမ်း ဦးနေဝင်းမြေးတွေကို ယာဉ်မောင်းက တရားစွဲဆိုထားမှု ပြန်လည် ရုပ်သိမ်း Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.