ဖားကန့်ရေဘေးမှာ လူ ၁ဝ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုနဲ့ ဥရုချောင်းရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့စဉ်။ Photo: MOI Webportal Myanmar - fb
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ မိုးကြီးတာကြောင့် ကမ်းပါးပြိုပြီး ရေစီးမျောကြောင်းထဲ ပြုတ်ကျတာတွေကြောင့် လူ ၁ဝ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

လူသေဆုံးထိခိုက်တာတွေအပြင် လူနေအဆောက်အဦအသေး အလုံး ၆ဝ လောက် ပျက်စီးတယ်လို့ ဖားကန့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဒီကနေ့ ပြောပါတယ်။

"နေအိမ်တွေဘာတွေမှာ မြေဖိပြီး ဆုံးတာက ၅ ယောက်ရှိတယ်။ ကျန်တဲ့ ၅ ယောက်ကတော့ ရေမဆေးရှာရင်း မျှောကြောင်းတွေမှာ ကျတာပေါ့။ မိုးရေစီးကြောင်းမှာ ကျောက်ရှာတယ်ဆိုတာရှိတယ်ဗျ ဒီဘက်မှာ။ မိုးရွာတဲ့အချိန် မိုးရေစီးကြောင်းတွေမှာ လိမ့်လာတဲ့ ကျောက်တုံးတွေကို ရေမဆေးက ရှာတာရှိတယ်။ အဲဒီလိုရှာရင်းဖွေရင်း ဆုံးတာက ၅ ယောက်ရှိတယ်။ ထိခိုက်မှုဒဏ်ရာရတဲ့သူက ၇ ယောက်လောက်ရှိတယ်။ ၁ဝ ယောက် ၇ ယောက်ပေါ့နော်။ အိုးအိမ်ကတော့ ရေချောင်းဘေးတို့၊ မြေကမ်းပါးယံဘေးတို့၊ လမ်းဘေးတို့ အဲဒီလိုမှာနေတဲ့ အိမ်ကလေးတွေပေါ့နော်။ ပျက်စီးတဲ့ အိမ်က ၆ဝ ပေါ့နော်"

မနေ့က ဖားကန့်ဒေသမှာ ရွာခဲ့တဲ့ မိုးရေချိန်ဟာ ၇ လက်မ နဲ့ ၁ဝ လက်မကြားမှာရှိတယ်လို့ ခန့်မှန်းထားပြီး ဒီကနေ့လည်း မိုးရွာနေဆဲဖြစ်ပါတယ်။

လတ်တလောမှာ မနေ့က မိုးကြီးလို့ပျက်စီးခဲ့တဲ့ လုံးခင်း-ဖားကန့် ကြားက တံတားတချို့ကို ဒီကနေ့ ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးတွင်းဆို ကမ်းပါးပြိုကျတာ၊ မြေပြိုတာတွေ ရင်ဆိုင်နေရပြီး  ပွင့်လင်းရာသီချိန် မှာ စွန့်ပစ်မြေစာပုံပြိုကျတာတွေရယ်ကြောင့် လူတွေ မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဖားကန့်ရေဘေးမှာ လူ ၁ဝ ဦး သေဆုံး ဖားကန့်ရေဘေးမှာ လူ ၁ဝ ဦး သေဆုံး Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.