ပြည်ခိုင်ဖြိုး ကြားဖြတ် ဝင်၊ မဝင် မဆုံးဖြတ်ရသေး

၂၀၁၅ နဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ဆုံးဖြတ်ချက်တွေအပေါ်မူတည် သံသယရှိနေ
လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြော်ငြာထားတဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အန်အယ်လ်ဒီပါတီက ထုတ်ပြလိုက်ပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ ခုထိ ရွေးကောက်ပွဲဝင်မယ်မဝင်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး။

ကြာဖြတ်ရွေးကောက်ပွဲအတွက် ကနဦးလုပ်ဆောင်ချက်အနေနဲ့ မဲပေးခွင့်ရှိသူစာရင်းတွေကို ဇူလိုင် ၉ ရက်ကနေ ၂၂ ရက်နေ့ထိ မဲဆန္ဒရှင်တွေသိအောင် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် လစ်လပ်မဲဆန္ဒနယ် ၁၃ ခုမှ ကြေငြာမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာပဲ အန်အယ်လ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၃ ဦးကို ပါတီဗဟိုက ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ပါတီကချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်ပါနိုင်သူဖြစ်ပြီး ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ ထူးခြားတဲ့ အရည်အသွေးရှိသူတွေကို ဦးစားပေးပါမယ်။ တိုင်းရင်းသားဒေသတွေမှာဆိုရင် တိုင်းရင်းသား ဘာသာစကားကျွမ်းကျင်သူ ဒေသတွင်း တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးအဆင်ပြေတဲ့သူ အဲဒါမျိုးတွေကို ဦးစားပေးတယ်။ အရည်အချင်းချင်း တူရင် လူငယ် ၊ တိုင်းရင်းသား ၊ အမျိုးသမီးတွေကို ဦးစားပေးရမယ်လို့ ဆုံးဖြတ်ထားပါတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်ထားမှုအပေါ် အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

ဒါပေမယ့် အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းထဲမှာ အမျိုးသမီး တဦးသာ ပါဝင်တာပါ။

ဒါကလည်း အောက်ခြေက တင်ပြလာမှုအပေါ် စိစစ်ရွေးချယ်ထားမှုသာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

အောက်ခြေပါတီအဆင့်ဆင့်က ကန့်ကွက်မှုတွေရှိရင် ဗဟိုကခေါ်ယူစစ်ဆေးပြီးတော့ သေချာမှ အပြီးသတ်ရွေးချယ်ထားတာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ အာဏာရပါတီက ခုလိုရွေးချယ်ပြီးမကြာခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကိုယ်စားလှယ်လျှောက်လွှာတွေ တင်သွင်းတော့မှာဖြစ်ပေမယ့် အတိုက်ခံဖြစ်မယ့် ပြည်ခိုင်ဖြိုးပါတီကတော့ ခုချိန်ထိရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ မဆုံဖြတ်ရသေးကြောင်း ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ကျွန်တော်တို့ ဝင်မဝင်အခုထိ မဆုံးဖြတ်ရသေးဘူး ဇူလိုင် ၄ ရက်နေ့မှ ဆုံးဖြတ်ရမယ် ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး အားမရတာက အချက်တချက်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းလည်း မရွေးချယ်ရသေးဘူးလို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

၂၀၁၅ နဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ဆုံးဖြတ်ချက်တွေအပေါ်မူတည် သံသယရှိနေတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကိုလည်း တင်ပြထားပြီးဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီပါတီအနိုင်ရပြီးနောက် ဒုတိယအကြိမ်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။၂၀၁၇ခုနစ် ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နောက်မှာ နိုင်ငံတော်အဆင့်ရာထူး တာဝန်ထမ်းဆောင်လို့လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေနဲ့ ကွယ်လွန်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေရာတွေ စုစုပေါင်း ၁၃ နေရာအတွက်ကျင်းပမှာဖြစ်ပါတယ်။

၂၀၁၈ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်အတွက် ၄နေရာ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မဲဆန္ဒနယ်က တနေရာနဲ့ ပြည်နယ်တိုင်း လွှတ်တော်အတွက် ၈ နေရာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က မေလ ၈ ရက်နေ့ကတည်းက ကြေငြာထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပြည်ခိုင်ဖြိုး ကြားဖြတ် ဝင်၊ မဝင် မဆုံးဖြတ်ရသေး ပြည်ခိုင်ဖြိုး ကြားဖြတ် ဝင်၊ မဝင် မဆုံးဖြတ်ရသေး Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.