၁ဝ တန်းအောင်ချက် နည်းတဲ့ ရခိုင်မှာ ဆရာ ရာနဲ့ချီလိုနေ

 အောင်စာရင်းထွက်တဲ့နေ့က ရခိုင်ကျောင်းသားတွေ
ပညာရေး အခြေအနေ နိမ့်ကျနေတဲ့ ရခိုင်ပြည်နယ်မှာ အထက်တန်း ကျောင်း ဆရာ ဆရာမ တွေ အထူး ရှားပါးနေပါတယ်။

ပြီးခဲ့တဲ့နှစ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း တည်ငြိမ်မှု မရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ ပညာရေး အခြေအနေ တဖြည်းဖြည်း နိမ့်ကျ လာနေရာမှာ အခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ချက် ရာခိုင်နှုန်းက အနိမ့်ဆုံး ပြည်နယ်တွေ ထဲမှာ ပါဝင် နေပါတယ်။

လောလောဆယ် အထက်တန်း ကျောင်း ဆရာ ဆရာမ ၆၀၀ ကျော် အရေးတကြီး လိုအပ်နေတယ်လို့ ရခိုင်ပြည်နယ် လက်ထောက် ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

အဓိက လိုအပ်နေတဲ့ မြို့နယ်တွေက ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံနဲ့ ဂွမြို့နယ်တို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မူလက လိုအပ်နေခဲ့တဲ့ ဆရာ ဆရာမ ၄၉၂ ယောက်မှာ ၁၈၄ ယောက်ပဲ ခန့်နိုင်ခဲ့လို့ ၃၁၃ ယောက် ထပ်လိုနေခဲ့ရာမှာ အခုနှစ် ထပ်တိုးလာတဲ့ အထက်တန်း ကျောင်းတွေ အတွက် ဆရာ ဆရာမ ၃ဝဝ ကျော် နောက်ထပ် လိုအပ်နေတာပါ။

ဒါကြောင့် စုစုပေါင်း အထက်တန်းပြ ဆရာ ဆရာမ ၆၇၈ ယောက် လိုအပ် နေတယ်လို့ ဦးစိန်ထွန်းလှက ပြောပါတယ်။

ဒီလောက် များတဲ့ ဆရာ ဆရာမတွေကို ရခိုင်ပြည်နယ် အတွက် ရနိုင်ဖို့က လည်း အခက်အခဲတွေ ရှိနေ ပါတယ်။

ဒါကြောင့် ဒီအခက်အခဲကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ရုံးကို တင်ပြ ပြီးနောက် အစိုးရ အဖွဲ့ရဲ့ မှတ်ချက်နဲ့ အခြေခံ ပညာဦးစီးဌာနကို ဆက်လက် တင်ပြသွားဖို့ စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။
စစ်တွေ အမှတ် ၂ အထက်တန်းကျောင်းမှာ ကျောင်းသားတွေ အောင်စရင်းသွားကြည့်ကြ
ဒီနှစ် ရခိုင်ပြည်နယ်ရဲ့ တက္ကသိုလ်ဝင်တန်း အောင်ချက်က ၂၁ ဒသမ ၄၅ ရာခိုင်နှုန်းသာ ရှိပြီး တိုင်းနဲ့ ပြည်နယ်တွေ ထဲမှာ ချင်းပြည်နယ်ပြီးရင် အောင်ချက် အနိမ့်ဆုံး ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ် အတွင်းက အထက်တန်းကျောင်း ၂၅ ကျောင်းမှာလည်း ၁၀ တန်းအောင်တဲ့ ကျောင်းသား တစ်ယောက်မှ မရှိတဲ့ အခြေအနေ ရှိပါတယ်။

ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် ကတော့ ဒီလိုဖြစ်ရတာဟာ သင်ပြတဲ့ ဆရာ ဆရာမတွေရဲ့ ဘာသာရပ်ဆိုင်ရာ မကျွမ်းကျင်မှု၊ ဘာသာရပ်တိုင်းအတွက် ဆရာဆရာမ မလုံလောက်မှုနဲ့ ကျောင်းသားတွေရဲ့ အခြေခံ မကောင်းမှုတို့ကြောင့် ဖြစ်တယ်လို့ သုံးသပ် ပါတယ်။

ရခိုင် ပြည်နယ်ရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လိုအပ်ချက်တွေ အများကြီး ရှိနေပြီး လက်ရှိ လိုအပ်နေတဲ့ ဆရာ ဆရာမ ၆ဝဝ ကျော်ကို အချိန်မီ မဖြည့်ဆည်းနိုင်ရင် လက်ရှိ အနေအထားထက် ပိုဆိုးရွား သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေ ပါတယ်။

BBC Burmese
http://www.bbc.com/burmese
၁ဝ တန်းအောင်ချက် နည်းတဲ့ ရခိုင်မှာ ဆရာ ရာနဲ့ချီလိုနေ ၁ဝ တန်းအောင်ချက် နည်းတဲ့ ရခိုင်မှာ ဆရာ ရာနဲ့ချီလိုနေ Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.