နေပြည်တော် ဇွန် ၆
စီမံကိန်းလေးခုကို တင်ဒါမခေါ်ဘဲ ပေးခဲ့သည့်ကိစ္စအား ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့ခြင်းသည် သတ္တိရှိ၍ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ကပြောသည်။
Supreme Trading ကုမ္ပဏီနှင့်ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ ပြောကြားချက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ဇွန်လ ၅ ရက်နေ့က သတင်းထုတ်ပြန်လိုက်ခြင်းကြောင့် မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
"ငါကလဲသူတို့ကိုစွပ်စွဲတာမဟုတ်ဘူးလို့ပြောထားပြီးသားလေ။ လွှတ်တော်မှာတည်းကကျွန်တော်သတင်းကြားတာကိုပြောတာနော်လို့စွပ်စွဲတာမဟုတ်ဘူးလို့။ သတင်းတွေကြားတယ် ဘာတွေဖြစ်နေတယ်ဆိုတာငါပြောပြတာဒါပါပဲ။ မောင်မြင့်က သတ္တိရှိလို့ လုပ်တာ” ဟုမင်းကင်းမဲဆန္ဒနယ်မှဦးမောင်မြင့်ကပြောသည်။
ဇွန်လ ၆ ရက်နေ့(ယနေ)့ကျင်းပသောဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့အပြီးတွင် မီဒီယာများအား ဦးမောင်မြင့်က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၄ ရက်နေ့က ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ စီမံကိန်းလေးခုကို တင်ဒါမခေါ်ဘဲ ပေးခဲ့သည်ဟု ဝေဖန်ပြောကြားပြီး ယင်းတို့အနက် Supreme Trading ကုမ္ပဏီက ပရောဂျက် နှစ်ခုပါဝင်ကြောင်းနှင့် ယင်းကုမ္ပဏီသည် အငြိမ်းစားယူသွားသော စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း၏ဇနီးက လုပ်ကိုင်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့ ပြောဆိုမှုအပေါ် Supreme Trading ကုမ္ပဏီက မင်းကင်းအမတ် ဦးမောင်မြင့်၏ လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတွင် ပြောကြားခဲ့သော ၎င်းကုမ္ပဏီနှင့်ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိန်မြင့်နှင့် ပတ်သက်သော အကြောင်းအရာများသည် လုံးဝ မှန်ကန်မှုမရှိကြောင်းနှင့် ၎င်းတို့ အခွင့်အရေးရှိသည်နှင့် အညီ တိုင်ပင်ညှိနှိုင်း၍ လိုအပ်သလို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
လင်းလင်း
The Public Image
သတ္တိရှိလို့ လုပ်တာဟု ကြံ့ခိုင်ရေးအမတ်ပြော
Reviewed by THITHTOOLWIN
on
20:50
Rating:
