မိန်းမလှကျွန်းအတွင်း မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းဘေးမဲ့တောထဲမှာ ၀င်ရောက်ထင်းခုတ်ရင်း မိကျောင်းကိုက်ချီသွားတဲ့ အမျိုးသမီးကို လိုက်လံရှာဖွေရာမှာ အဆုတ်လို့ယူဆရတဲ့ အပိုင်းအစတစ်ခုနဲ့ ထမိန်အပိုင်းအစတစ်ခုကိုသာ တွေရှိခဲ့တဲ့အတွက် ရှာဖွေမှုကို လက်လျှော့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာမှာနေထိုင်တဲ့ အသက် (၂၈)နှစ်အရွယ်မအေးသင်းဟာ ခင်ပွန်းဖြစ်သူနဲ့အတူ မိန်းမလှကျွန်းဘေးမဲ့တောဧရိယာအတွင်းရှိ အမဲချောင်းဘေးမှာ ဇွန်လ (၂၃) ရက် ညနေပိုင်းက ၀င်ရောက်ထင်းခုတ်နေတုန်းမှာပဲ မိကျောင်းဆွဲသွားခဲ့တာဖြစ်ပြီး အောင်ချမ်းသာကျေးရွာ ဒေသခံတွေက လိုက်လံလာဖွေခဲ့တာ ဖြစ်တယ်လို့ စက်ဆန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။

လက်ရှိမှာတော့မိကျောင်းကိုက်ပြီး ကွယ်လွန်ခဲ့တဲ့ မအေးသင်းအတွက် ကျန်ရစ်သူမိသားစုတွေက နာရေးအခမ်းအနားပြုလုပ်ပြီး ဆွမ်းသွပ်အမျှဝေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်ထဲမှာရှိတဲ့ မိန်းမလှကျွန်းဟာ ၅၂.၇၈ စတုရန်းမိုင်ကျယ်ဝန်းတဲ့ အာဆီယံအမွေ
အနှစ်စာရင်းဝင်ကျွန်းတစ်ကျွန်းဖြစ်ပြီး ၂၀၁၅ ခုနှစ်.ကောက်ယူထားတဲ့ စာရင်းတွေအရ ကျွန်းအနီးတဝိုက်မှာ မိကျောင်းကောင်ရေ ၁၁၀ နီးပါးရှိတယ်လို့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနစာရင်း​တွေအရ သိရပါတယ်။

ဘိုကလေးမြို့နယ် မိန်းမလှကျွန်း အနီးတဝိုက်က ကျေးရွာတွေမှာလည်း နှစ်စဉ်မိကျောင်းဆွဲခံရတာတွေ ဖြစ်ပေါ်နေပြီး (၂၀၁၃)ခုနှစ်မှာ ရွှေပြည်အေးကျေးရွာက တတိယတန်းကျောင်းသားတစ်​ဦး၊
(၂၀၁၄) ခုနှစ်မှာ ဆတ်ကျွန်းကျေးရွာက ကိုရင်လေးတစ်​ပါး၊ (၂၀၁၅)ခုနှစ်မှာ ဆတ်ကျွန်းရေကမြင်းကျေးရွာကတံငါသည်တစ်ဦး၊ (၂၀၁၆)ခုနှစ်မှာ လှေလုံးကွဲကျေးရွာက တံငါသည်တစ်ဦးနဲ့ (၂၀၁၇) ခုနှစ်မှာ ဆင်အိုင်ကျေးရွာက အမျိုးသမီးတစ်ဦးတို့လည်း မိကျောင်းဆွဲခံခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာနစာရင်းတွေအရ သိရပါတယ်။

သတင်း - ကိုလတ်​(ပုသိမ်​)(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews

မိန်းမလှကျွန်းအတွင်း မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း မိန်းမလှကျွန်းအတွင်း မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.