၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူများ၏ ဝမ်းသာပီတိစကားသံများ

ရန်ကုန် ဇွန် ၂

၂ဝ၁၈ ခုနှစ် မတ်လတွင် ကျင်းပစစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာရာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင် သိပ္ပံဘာသာတွဲမှ အမှတ်အများဆုံးရရှိခဲ့ကြသူများ၏ ဝမ်းသာပီတိစကားသံများ၊ ကြိုးစားခဲ့ပုံများနှင့် ရည်မှန်းချက်များကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်-


မသင်းမြနွေး (ခြောက်ဘာသာဂုဏ်ထူးရှင်၊
အထက-၁၊ ဒဂုံ)(မြန်မာတစ်နိုင်ငံလုံးပထမ)

ညီမက ရမှတ်ပေါင်း ၅၅၃ မှတ်နဲ့ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိတဲ့အတွက် အလွန်အံ့အားသင့်မိပါတယ်။ ဒီလိုမျိုးရရှိခဲ့ တာလည်း ဆရာ ဆရာမတွေ၊ မိဘဆွေမျိုးတွေ၊ သူငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ ကြောင့် ရရှိခဲ့တာပါ။ တကယ်ကို ပျော်ရွှင် မိပါတယ်။ ဆေးတက္ကသိုလ်နဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် တစ်ခုခုတက်ဖို့ စဉ်းစားထားပါတယ်။ နှစ်စကနေစပြီးတော့ စာကိုတစ်နေ့စာတစ်နေ့ အြေ<ွကးမထားဘဲ လုပ်တယ်။ စာတွေကို မှန်ပုံကျက်တယ်။ ဆရာ ဆရာမတွေ သင်ကြားပေးတဲ့ဟာတွေကိုလည်း သေချာမှတ်သားလိုက်နာတယ်။ စာတွေကို ကြိုးစားလုပ်သလို ဘာသာတရားဘက် ကိုလည်း ပုံမှန်လုပ်ပါတယ်။ ကျောင်းမသွားခင် ဘုရားရှိခိုးတယ်။ ကျောင်းမှာသင်တဲ့ စာတွေကို လေ့လာမှတ်သားပြီး အိမ်မှာပုံမှန် ပြန်လုပ်ပါတယ်။ ငယ်ငယ်ကတည်းက သင်္ချာ ထူးချွန်၊ စာစီစာကုံးထူးချွန်၊ ဘက်စုံထူးချွန် ဆုတွေလည်း နှစ်တိုင်းရရှိခဲ့ပါတယ်။ သူငယ်တန်းကနေ ရှစ်တန်းအထိ ပထမဆု ရရှိခဲ့ပါတယ်။ မိဘတွေကလည်း ပညာရေး ဘက်မှာ လစ်ဟာမှုမရှိအောင်၊ ကျန်းမာရေး ဘက်မှာလည်း အာဟာရပြည့်ဝအောင် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးပါတယ်။ ဆက်လက်ပြီးတော့လည်း ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပြီး နိုင်ငံနဲ့ လူမျိုးအကျိုးကို တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းဆောင်ရွက်သွားမှာပါ။ တက္ကသိုလ် ဝင်တန်း တက်ရောက်မယ့် မောင်ငယ်၊ ညီမငယ်တွေအတွက်လည်း အခုက မေးခွန်း ပုံစံပြောင်းသွားတဲ့အတွက် ကိုယ်ဖြေဆိုမယ့် မေးခွန်းပုံစံတွေကို အကျွမ်းတဝင်ဖြစ်အောင် ဆရာ ဆရာမတွေ သင်ကြားတာကို လေ့လာ မှတ်သားပြီး ဘာသာတရားကိုလည်း ကိုင်းရှိုင်း ပါ။ ကျန်းမာရေးကိုလည်း ဂရုစိုက်စေချင် ပါတယ်။


မစုရည်ဝင်း (ခြောက်ဘာသာဂုဏ်ထူးရှင်၊
အထက-၁၊ ဒဂုံ)(မြန်မာတစ်နိုင်ငံလုံးဒုတိယ)

ညီမက အမှတ်ပေါင်း ၅၅၂ မှတ်နဲ့ မြန်မာတစ်နိုင်ငံလုံး ဒုတိယဆုရရှိခဲ့တာပါ။Top Ten ဝင်ဖို့တော့ မျှော်လင့်ထားပါတယ်။ ဒုတိယရမယ်လို့တော့ မမျှော်လင့်ထားပါဘူး။ မမျှော်လင့်ဘဲ ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ ငယ်ငယ်တုန်းက ထူးခြားတဲ့ပညာရေးမှတ်တိုင်တော့ မရှိခဲ့ ပါဘူး။ ဆုတွေတော့ ရခဲ့ဖူးပါတယ်။ အချိန် ဇယားဆွဲပြီးတော့ စာကျက်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ တစ်နေ့စာတစ်နေ့ ပြီးအောင် လုပ်တယ်။ ဆရာ ဆရာမတွေ အိမ်စာ ပေးလို့ရှိရင်လည်း မလစ်ဟင်းအောင် သေသေ ချာချာလုပ်ခဲ့ပါတယ်။ စာသင်တဲ့အခါမှာလည်း သေချာလိုက်နာပြီး သင်ယူခဲ့ပါတယ်။ စာသင်တဲ့ အခါမှာ သေချာလိုက်မှတ်ပြီး အိမ်မှာပြန်လုပ် ရင် ပိုပြီးလွယ်ကူပါတယ်။ ဘာသာရပ်တိုင်းကို စေ့စပ်သေချာစွာ ကြိုးစားခဲ့ပါတယ်။ မိဘတွေ အနေနဲ့လည်း အဘက်ဘက်ကနေ အစစ အရာရာ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ကအစ လစ်ဟာမှုမရှိအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာတွေကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။ အနာဂတ်မှာလည်း ထူးချွန်ထက်မြက်တဲ့ နှလုံးအထူးကု ဆရာဝန်မကြီးတစ်ယောက် ဖြစ်ချင်ပါတယ်။ ကိုယ့်တတ်ကျွမ်းတဲ့ ပညာရပ် နဲ့ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာ ကနေ ကူညီထောက်ပံ့ပေးသွားမှာပါ။ နောင်လာမယ့် မောင်ငယ်၊ ညီမငယ်တွေ ကိုလည်း စာကိုလည်းကြိုးစားပါ။ ဆရာ ဆရာမတွေရဲ့ ဆုံးမသွန်သင်မှုတွေကိုလည်း လိုက်နာပါ။ ဘုရားတရားကိုလည်း မမေ့ဘဲ အမြဲတမ်း ဦးထိပ်ထားပါ။ ကျန်းမာရေးလည်း ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။

မစုနေခြည်မိုး (ခြောက်ဘာသာဂုဏ်ထူးရှင်၊
အထက-၁၊ ဒဂုံ)(မြန်မာတစ်နိုင်ငံလုံးတတိယ)

ညီမက အမှတ်ပေါင်း ၅၅၁ မှတ်နဲ့ မြန်မာတစ်နိုင်ငံလုံး တတိယဆုရရှိခဲ့တဲ့အတွက် စိတ်လှုပ်ရှားသလို ဝမ်းလည်းဝမ်းသာပါတယ်။Top Ten မဝင်ဘဲ ကျန်နေခဲ့တဲ့ သူငယ်ချင်း တွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါ တယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ ပါတယ်။Top Ten ဝင်ဖို့တော့ မမျှော်မှန်းခဲ့ ပါဘူး။ အထူးတလည်ကြိုးစားခဲ့တာတော့ မရှိပါဘူး။ ပုံမှန်ပဲ ကြိုးစားခဲ့တာပါ။ တစ်နေ့စာ တစ်နေ့ ပုံမှန်လုပ်ခဲ့တယ်။ ငယ်ငယ်တုန်းက တော့ ဆုတံဆိပ် သုံးခု၊ လေးခုလောက် ရဖူး ပါတယ်။ ဆေးတက္ကသိုလ်တက်ဖို့ ရည်မှန်း ထားပါတယ်။ ဒီထက်လည်း ပိုပြီးကြိုးစားသွား မှာပါ။ လူနာဦးရေ နည်းနိုင်သမျှ နည်းအောင် ကိုယ့်တတ်တဲ့ပညာနဲ့ တစ်ဖက်တစ်လမ်းကနေ ပံ့ပူးကူညီဆောင်ရွက်သွားမှာပါ။ အခုနှစ် ဖြေဆိုမယ့် မောင်ငယ်၊ ညီမငယ်တွေကိုလည်း ကြိုးစားစေချင်ပါတယ်။ ကြိုးစားတဲ့နေရာမှာ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားစေချင်ပါတယ်။ မိဘတွေရဲ့ ကူညီပံ့ပိုးမှုက ငယ်ငယ်ကတည်းက ရှိခဲ့ပါတယ်။ ငယ်ငယ်က အင်္ဂလိပ်စာအခြေခံ ခိုင်မာခဲ့လို့ စာမေးပွဲမှာ အင်္ဂလိပ်စာဥာဏ်စမ်း ပုံစံကို အကောင်းဆုံးဖြေဆိုနိုင်ခဲ့ပါတယ်။ မိဘတွေရဲ့ကူညီထောက်ပံ့မှုတွေ ရှိပေမယ့် လည်း ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစား လုပ်ဆောင်စေချင်ပါတယ်။


မယမင်းအောင် (ခြောက်ဘာသာဂုဏ်ထူးရှင်၊
အထက-၁၊ ဒဂုံ)(မြန်မာတစ်နိုင်ငံလုံးဆဋ္ဌမ)

အမှတ်ပေါင်း ၅၅ဝ ရရှိတဲ့ သုံးယောက် ထဲမှာ ညီမက မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အဆင့်ခြောက် ရရှိခဲ့ပါတယ်။ အဲဒီ အတွက် ဝမ်းသာပါတယ်။ တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှ အရာထင်သွားတယ်လို့ ပြောရမှာပေါ့။ ဒီလိုအောင်မြင်မှုရရှိဖို့အတွက် ကိုးတန်းဖြေပြီး မတ်လလောက်ကတည်းက စကြိုးစားခဲ့တာပါ။ ဆရာတွေပြောသမျှ သေချာပြန်လုပ်တယ်။ အချိန်ဇယားဆွဲပြီးတော့ လုပ်တာတော့ မရှိပါဘူး။ ကိုယ်လိုရင် လိုသလောက် လိုအပ်တဲ့ဘာသာကို ဖြည့်ပြီး ကြိုးစားလိုက်တာပါ။ ညီမရဲ့ရည်မှန်းချက်က ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်။ ငယ်စဉ်ကတည်းက မြို့နယ်ဘက်စုံထူးချွန်ဆု၊ သင်္ချာထူးချွန်ဆု တစ်နိုင်ငံလုံး တတိယ၊ အင်္ဂလိပ်ထူးချွန်ဆုတွေ ရရှိခဲ့ပါတယ်။ ဒီလို အောင်မြင်ဖို့အတွက် မိဘမောင်နှမ၊ ဆရာ သမားတွေဘက်ကလည်း ပြောစရာမရှိအောင် သေချာဂရုစိုက်ပေးကြပါတယ်။ ၁ဝ တန်း ဖြေဆိုကြမယ့် မောင်ငယ်၊ ညီမငယ်တွေကို ပြောချင်တာကတော့ မေးခွန်းပုံစံတွေ ပြောင်းထားပေးမယ့် စိုးရိမ်စရာမရှိပါဘူး။ ကိုယ်ဘာပဲလုပ်လုပ်အောင်မြင်ဖို့က အဓိက ပါ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ပစ်မှတ်ထားပြီး စိတ်ဓာတ်မာမာနဲ့ဇွဲမလျှော့တမ်း ကြိုးစားမယ် ဆို အောင်မြင်မှာပါ။ ကိုယ်ဖြစ်ချင်တာကို သေချာပစ်မှတ်ထားပြီး စိတ်တွေမလေဘဲ အာရုံစိုက်ပြီး ကြိုးစားစေချင်ပါတယ်။

မစုမြတ်ဦး (ခြောက်ဘာသာဂုဏ်ထူးရှင်၊
အထက-၁၊ ဒဂုံ)(မြန်မာတစ်နိုင်ငံလုံးဒသမ)

အမှတ်ပေါင်း ၅၄၈ မှတ်ရရှိတဲ့ သုံးယောက်ထဲမှာ ညီမက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဆင့် ၁ဝ ရရှိခဲ့တာပါ။ အလွန်ဝမ်းသာပါတယ်။ ကိုးတန်းဖြေပြီး မတ်လကတည်းကစပြီးတော့ ၁ဝ တန်းအတွက် ပဲ သေသေချာချာ တစိုက်မတ်မတ် လုပ်ခဲ့ပါ တယ်။ အခြားအရာတွေ ဘာမှမစဉ်းစားဘူး။ စာကိုလည်း တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ခဲ့ တယ်။ ကျောင်းကိုလည်း မှန်မှန်တက်ခဲ့တယ်။ အားရင်အားသလို ဘာသာရေးလည်း လုပ်ပါ တယ်။ မနက်ဆိုရင် စောစောထပြီး ပရိတ်ရွတ် တယ်။ ညဘက် ကိုးနာရီဆို ပဋ္ဌာန်းရွတ်တယ်။ နှစ်စကတည်းက ခြောက်ဘာသာဂုဏ်ထူး မှန်းပြီး ကြိုးစားခဲ့တယ်။Top Ten ဝင်တာ လည်း မထင်မှတ်ဘဲ ဖြစ်ခဲ့တာပါ။ ရည်မှန်း ချက်ကတော့ ဆေးကျောင်းတက်ပြီး ဆရာဝန် တစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ ငယ်ငယ်တုန်းကလည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အခန်းထဲမှာ ထူးချွန်တဲ့ ကျောင်းသားထဲမှာတော့ မပါဘူး။ အလယ် အလတ်လောက်ပဲ ရှိတာပါ။ ဒီနှစ်ကျမှ ရအောင်လုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဖြစ်သွား တာပါ။ ဒီလိုအောင်မြင်ဖို့အတွက် မိဘ ညီအစ်ကိုမောင်နှမတွေ၊ အဒေါ်တွေကအစ ဝိုင်းဝန်းကူညီပေးပါတယ်။ မထင်မှတ်ဘဲဖြစ်ခဲ့ တာဆိုတော့ ပြောမပြတတ်အောင် ပျော်ရွှင်မိ ပါတယ်။ နောက်နှစ်ဖြေမယ့် မောင်ငယ်၊ ညီမ ငယ်တွေကို ပြောချင်တာက နှစ်စကတည်းက တခြားဘာမှမတွေးဘဲနဲ့ စာတစ်ခုကိုပဲ တစိုက်မတ်မတ်လုပ်ပါ။ အပျော်အပါးတွေကို လည်း ခဏဖယ်ထားပါ။ တစ်နှစ်လောက် ရပ်လိုက်ရုံနဲ့ လောကကြီးနဲ့ အဆက်အသွယ် မပြတ်သွားပါဘူး။ အကောင်းဆုံးကိုရည်မှန်း ပြီးလုပ်ပါ။ ဘုရားတရားလည်းလုပ်ပြီး စိတ်ထားကောင်းကောင်းနဲ့ ကိုယ်သိတာတွေကို မျှဝေပေးပါလို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်း- ဇာနည်မောင်၊ အေးမင်းသူ
ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူများ၏ ဝမ်းသာပီတိစကားသံများ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူများ၏ ဝမ်းသာပီတိစကားသံများ Reviewed by THITHTOOLWIN on 10:18 Rating: 5
Powered by Blogger.