ယာဉ်လိုင်စင်/ ယာဉ်မောင်းလိုင်စင် အတုပြုလုပ် ရောင်းချသူများ ဖမ်းဆီးရမိ

လူမှုကွန်ယက်စာမျက်နှာ FaceBook မှတစ်ဆင့် ယာဉ်လိုင်စင်/ ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးမည်ဟု ဖော်ပြပြီး လိုင်စင်အတုပြုလုပ် ရောင်းချသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဖော်ထုတ် ဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၅

၁၀.၃.၂၀၁၈ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာ Face Book တွင် Wai Yan အကောင့်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးလက်မှတ်ပါရှိသည့် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးနေကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဖော်ထုတ်ခဲ့သဖြင့် မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ရောင်းချသူများအား ဖော်ထုတ်ဖမ်းဆီးရမိ
ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ၂၅.၅.၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကုန်လမ်းပို့ ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် WaiYan အကောင့်တွင် ဖော်ပြပါရှိသည့် ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ခဲ့ရာ တောင်ဥက္ကလာပမြို့နယ်၊ ဘေလီတံတားအဆင်း လက်ဖက် ရည်ဆိုင်၌ စမ်းချောင်းမြို့နယ်နေ မမေပွင့်ဖြူ (၂၆)နှစ်နှင့် အင်းစိန်မြို့နယ်နေ မထိုက်ဇာခြည်သင်း (၂၆) နှစ်တို့ရောက်ရှိလာပြီး ယာဉ်မောင်းလိုင်စင်ကို ၂၅၀၀၀၀ ကျပ်ဖြင့် ပြုလုပ်ပေးမည်ဖြစ်ကြောင်း စရံငွေ ၅၀၀၀၀ ကျပ်ပေးရမည်ဖြစ်ကြောင်းနှင့် လိုင်စင်ကို ၁.၆.၂၀၁၈ ရက်နေ့တွင် ရရှိမည်ဖြစ်ကြောင်း ချိန်းဆိုခဲ့ပါသည်။


၁.၆.၂၀၁၈ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်ရှိ လက်ဖက်ရည် ဆိုင်သို့ မမေပွင့်ဖြူနှင့် မထိုက်ဇာခြည်သင်းတို့ ရောက်ရှိလာသဖြင့် ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ရှာဖွေခဲ့ရာ ၄င်းတို့ကိုင်ဆောင်ထားသည့် အိတ်အတွင်းမှ ယာဉ်မောင်းလိုင်စင်အတု ၊ ပြေစာ ၊ ဓာတ်ပုံ၊ လက်ကိုင်ဖုန်း (၃) လုံး ၊ လိပ်စာကဒ်နှင့် ငွေ ၁၅၃၆၅၀ ကျပ် တွေ့ရှိသိမ်းဆည်း ရရှိခဲ့ပါသည်။

၎င်းတို့နှစ်ဦးအား စစ်ဆေးချက်အရ လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ မဂျူလီယာ ( ခ) မဂျူလီယာနူး (၂၂) နှစ်မှ ယာဉ်မောင်းလိုင်စင် (၁) ခုကို ငွေ ၁၃၀၀၀၀ ကျပ်ဖြင့် ပြုလုပ်ပေးကြောင်း ၊ ၄င်းတို့နှစ်ဦးမှ လိုင်စင်ပြုလုပ်သူများထံမှ ငွေ ၂၅၀၀၀၀ ကျပ်လက်ခံယူခဲ့ပြီး မဂျူလီယာ ( ခ) မဂျူလီယာနူးထံ ဘဏ်မှတစ်ဆင့် ငွေလွဲပေးရကြောင်း ပေါ်ပေါက်သဖြင့် မဂျူလီယာ ( ခ) မဂျူလီယာနူး နေထိုင်သည့် နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ ၄င်းနေအိမ် ကွန်ပျူတာခုံအံဆွဲအတွင်းမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တံဆိပ်ပါ ယာဉ်မောင်းလိုင်စင်
အတုများတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

မဂျူလီယာ(ခ)မဂျူလီယာနူး အား စစ်ဆေးရာ We Chat မှ ခင်မင်ရင်းနှီးသူ ထွန်းလှိုင်ဆိုသူထံမှ ယာဉ်မောင်း လိုင်စင်(၁)ခုကို ငွေ ၉၀၀၀၀ ကျပ်ဖြင့် မှာယူရကြောင်း၊ လိုင်စင်ကို ထွန်းလှိုင်ချိန်းဆိုသည့်နေရာသို့ သွားရောက် ယူဆောင်ရကြောင်း ပေါ်ပေါက်သဖြင့် We Chat မှတစ်ဆင့်ထွန်းလှိုင်အား ဆက်သွယ်ခဲ့ရာ ၄င်းချိန်းဆိုသည့် လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ စတိုးဆိုင်အရှေ့တွင် ယာဉ်မောင်းလိုင်စင်အတုနှင့်အတူ ထွန်းလှိုင်အား ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၁၃)ရပ်ကွက်ရှိ ၄င်းနေထိုင်သည့် အိမ်သို့သွားရောက် ရှာဖွေရာ လိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ကာလာပရင်တာ၊ စမတ်ကဒ်ထုတ်သည့်စက်၊ လက်တော့ပ်၊ CD နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။


ထွန်းလှိုင်အားစစ်ဆေးခဲ့ရာ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရာတွင် လှိုင်သာယာမြို့နယ်၊အမှတ်(၆) ရပ်ကွက် နေ ဇော်လင်းအောင် (၄၆)နှစ်နှင့်အတူ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဇော်လင်းအောင် နေအိမ်သို့ သွားရောက်ရှာဖွေရာ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရာတွင် အသုံးပြုသည့် ယာဉ်မောင်းလိုင်စင် စစ်ဆေး သည့်စက်၊ လက်တော့ပ်၊ စာရွက်စာတမ်းများသိမ်းဆည်းရမိသည့်အပြင် လိုင်စင်မဲ့ယာဉ်များဖြစ်သည့် Alphard (၁) စီးနှင့် Mark-II (၁) စီးသိမ်းဆည်းရမိပြီး လှိုင်သာယာမြို့နယ်၊ FMI ဝင်းအတွင်းရှိ နေအိမ်တွင်လည်း အတု ပြုလုပ်ကြောင်းပေါ်ပေါက်သဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ဆာ့ဝဲ(၂)ခွေ၊ စမတ်ကဒ်ထုတ်သည့်စက် ၊ လက်တော့လ် (၁)လုံး၊ ယာဉ်မောင်းလိုင်စင်ကဒ်အတုပြုလုပ်ရာတွင် အသုံးပြုသည့်ကဒ်များ ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ပါသည်။

ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များကို အတုပြုလုပ်ရောင်းချသူ မမေပွင့်ဖြူပါ (၅) ဦးတို့အား သက်ဆိုင်ရာရဲစခန်းများတွင် အသီးသီးအမှုဖွင့် အရေးယူထားရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ယာဉ်လိုင်စင်/ ယာဉ်မောင်းလိုင်စင် အတုပြုလုပ် ရောင်းချသူများ ဖမ်းဆီးရမိ ယာဉ်လိုင်စင်/ ယာဉ်မောင်းလိုင်စင် အတုပြုလုပ် ရောင်းချသူများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.