ခိုနူမ်းသုန်သတင်း၊ ၀၅ ဇွန် ၂၀၁၈
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှ ဆိုင်းဟားမြိုသို့ ပြေးဆွဲသော ခရီးသည်တင် ဘစ်ကားတစ်စီးသည် ဇွန်လ ၄ ရက်နေ့ည ၁၂ နာရီခန့်က ဆိုင်းဟားမြို့မရောက်ခင် လုံးလဲခရိုင်တွင် တိမ်းမှောက်ပြီး ခရီးသည် ၉ ဦး သေဆုံးကာ ၂၁ ဦးဒဏ်ရာရရှိသည်ဟု သိရသည်။
ခရီးသည်အယောက် ၃၀ တင်ဆောင်လာသော ညလိုင်းပြေးဆွဲနေသည့် Colney ဘစ်ကားသည် လုံးလဲခရိုင် Pangzawl ကျေးရွာမှ ၂ ကီလိုမီတာ အကွာတွင် တိမ်းမှောက်ကာ တောင်အောက်သို့ မီတာ ၅၀၀ ခန့်အထိလိမ့်ကျသွားပြီး ခရီးသည် ၉ ဦး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသည့် ၂၁ ဦးထဲမှ ၂ ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု မီဇိုရမ်သတင်းတွင်ဖော်ပြချက်အရသိရသည်။
အဆိုပါကားတိမ်းမှောက်မှုကြောင့် အမျိုးသား ၄ ဦး နှင့် အမျိုးသမီး ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသည့်ခရီးသည်များကို Pangzawl၊ Serchhip နှင့် Hnahthial ဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။ ကားတိမ်းမှောက်သည့် အကြောင်းရင်း ကိုမူ မသိရသေးသော်လည်း ဘစ်ကားကို ဒုတိယယာဉ်မောင်းမှ မောင်းနှင်ပြီး လမ်းဘေးဘက် ကပ်မောင်းလွန်းသည့်အတွက် တောင်အောက်သို့ လိမ့်ကျသွားခြင်းဖြစ်နိုင်သည်ဟု မီဇိုရမ်သတင်းတွင်ဖော်ပြထားသည်။
Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/
မီဇိုရမ်ပြည်နယ်တွင် ဘစ်ကားတစ်စီး တိမ်းမှောက် လူ ၉ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:16
Rating:
