စစ်ဘေးဒုက္ခသည်တွေအတွက် တရုတ်သံအမတ် ငွေလှူဒါန်း

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် တရုတ်သံရုံးက ငွေကျပ်သိန်း ၄၀၀ကို ၂၀၁၈ ဇွန်လ ၁ ရက်နေ့က လှူဒါန်းစဉ်/ Photo: Aung Thain Kha/RFA
ကချင်​ပြည်​နယ်​က တိုက်ပွဲတွေကြောင့် နေရပ်​စွန့်​ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်​တွေရဲ့ စားဝတ်နေရေးအတွက် မြန်မာနိုင်ငံအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ငွေကျပ်သိန်း ၄၀၀ လှူဒါန်းလိုက်ပါတယ်။

လှူဒါန်းတဲ့ အခမ်းအနားကို ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီနေ့ ပြုလုပ်ရာမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက တရုတ်နိုင်ငံရဲ့ ငြိမ်ချမ်းရေးနဲ့ပတ်သက်တဲ့ အကူအညီတွေကို ကျေးဇူးတင်တယ် လို့ ပြောပါတယ်။

"ကျနော်တို့နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မကြာခဏ ဆွေးနွေးပြောကြားနိုင်အောင်လည်း ဒီတရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့ ကူညီပေးတာအလွန်ကို ကျနော်တို့အတွက် အကျိုးရှိပါတယ်၊ တကယ့်ကိုကျနော်တို့ မိတ်ဆွေတွေလို ရင်းနှီးသစ္စာရှိသွားတဲ့အတွက် ကျနော်တို့ကိုလည်း အားမနာပါနဲ့ ကိစ္စရှိရင်ပြောပါ၊ ကျနော်တို့လည်း အားမနာပါဘူး ပြောမှာ ဖြစ်ပါတယ်။"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲဖို့ မျှော်လင့်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က စကားပြန်ကတဆင့် အခုလို ပြောပါတယ်။

"ကျနော်ပြောချင်တာ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်အကူပြုတဲ့ကိစ္စ မကြာမကြာကူညီပေးမှာဖြစ်ပါတယ်၊ ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကို အမြန်ဆုံးရပ်တန့်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

တရုတ်နိုင်ငံ အစိုးရအနေနဲ့ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ဖို့ ကူညီသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တစ်နှစ်ကို ဒေါ်လာတစ်သန်းနဲ့ ၂ နှစ်အတွက် လှူဒါန်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese18081242.html
စစ်ဘေးဒုက္ခသည်တွေအတွက် တရုတ်သံအမတ် ငွေလှူဒါန်း စစ်ဘေးဒုက္ခသည်တွေအတွက် တရုတ်သံအမတ် ငွေလှူဒါန်း Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.