![]() |
သေနတ်တလက် ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဗြိတိသျှ ပြတိုက်ကို ဖောက်ခွဲဖို့ ကြံခဲ့တယ် ဆိုတဲ့ Safaa Boular |
အခုတော့ သူ့အမှု ကို လန်ဒန် တရားရုံးတော် မှာ အမှုစစ်ဆေး အပြီး ဂျူရီ အဖွဲ့ဝင် တွေ ကပါ အကြမ်းဖက် လုပ်ရပ် နှစ်မှု ကျူးလွန်ဖို့ နဲ့ ပြင်ဆင်မှု နှစ်မှု အရ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
သူ့ကို သီတင်း ခြောက်ပတ် အတွင်းမှာ စီရင်ချက် ချ မှာပါ။ ဆာဖါ ဘူလာ ကို တရားရုံးတော် မှာ စစ်ဆေးတဲ့ အခါမှာ သူဟာ လန်ဒန် ရဲ့ အထင်ကရ ဗြိတိသျှ ပြတိုက်ကြီးမှာ လက်ပစ်ဗုံး နဲ့ရော သေနတ်နဲ့ ပါ အကြမ်းဖက် တိုက်ခိုက်ဖို့ အသက် ၁၇ နှစ် အရွယ် က ကြံစည်ခဲ့ကြောင်း၊ ဒီလိုအကြမ်းဖက်မှုတွေ စိတ်ဝင်စားမှု ရှိလာခြင်းကလည်း ၁၆ နှစ် သမီး အရွယ် ၂၀၁၅ ပဲရစ် တိုက်ခိုက်မှု ပြီးကတည်းက ဖြစ်ကြောင်း အစစ်ခံပါတယ်။
အိုင်အက်စ် အဖွဲ့ဝင် နာဝိဒ်ဟူစိန် နဲ့ အင်စတာဂရမ် မှ တဆင့် ဆက်သွယ် စကားပြောယင်း ချစ်ကြိုး သွယ်ရာ က ဆီးရီးယား ကို ခရီးထွက်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဗြိတိသျှ ထောက်လှမ်းရေး က သူတို့ချင်း ဆက်သွယ် စကားပြောတာတွေ ကို ခြေရာ ခံမိရာက ဆာဖါ့ ရဲ့ ပါ့စ်ပို့ ကိုပါ သိမ်းဆည်း လိုက် ပြီး သူ့ ကိုပါ ထိန်းသိမ်းလိုက် ပါတယ်။
ထိန်းသိမ်းထားစဉ် အတွင်းမှာပင် ဆာဖါ ဟာ သူ့မိခင် သူ့အမ တို့နဲ့ ဆက်သွယ် စကားပြောခွင့် ရတိုင်း အရင် က သူတို့ချင်း စီစဉ်ထားတဲ့ လျို့ဝှက် အသုံးအနှုန်းတွေ နဲ့ အကြမ်းဖက်မှု ဆက်လက် အကောင်အထည် ဖေါ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီ အတွက် မိခင်ဖြစ်တဲ့ မီနာ ဒိခ်ျ နဲ့ အမ ရစ်ဇ်လိန်း ဘူလာ တို့ က ဒါးမြှောင်တွေ ဝယ်ပြီး ဝက်စ်မင်စတာ ဘက်မှာ အကြမ်းဖက် လုပ်ရပ် ကျူးလွန် ဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက် ကို သတ်မှတ် ထားရာက အဖမ်းခံလိုက် ရတာ ဖြစ်ပါတယ်။
ဆာဖါ ဟာ လျို့ဝှက်တယ်လီဖုန်း က တဆင့် ဆီးရီးယား မှာ ရှိတဲ့ လူတွေ ကို သီးသန့် ဆက်သွယ်ယင်း သူတို့ရဲ့ ညွှန်ကြားချက် အားပေးမှု ကိုအခြေခံပြီး လန်ဒန် မှာ အကြမ်းဖက်မှု ကျူးလွန် ဖို့ ကြံစည်ခဲ့တာပါ လို့ အကြမ်းဖက်မှု တန်ပြန်ထောက်လှမ်းရေး တာဝန်ခံ ဒီးန်ဟေဒင် က ဘီဘီစီ ကို ပြော ပါတယ်။
အခုလို မိသားစု အစွန်းရောက်တာကို စွန့်လွှတ်ဖို့ ရပ်ကွက် လူမှုအဖွဲ့အစည်း၊ ပညာပေးရေး အဖွဲ့တွေ နဲ့ ကြိုးပမ်းခဲ့ပေမဲ့ မရတဲ့ အကြောင်းလည်း ဒီးန်ဟေဒင် က ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
၁၆ နှစ်အရွယ်ကတည်းက သိမ်းသွင်းခံရတဲ့ ဗြိတိန်က အကြမ်းဖက်သမား
Reviewed by THITHTOOLWIN
on
08:53
Rating:
