မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရေနစ်မြုပ်လျက်ရှိ


 မွန်ပြည်နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုဆိုင်ရာ သတင်းများ 

မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရေနစ်မြုပ်လျက်ရှိ

မော်လမြိုင် ဇွန် ၁၇

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နှင့် အခြားမြို့နယ်များတွင် ယနေ့ နံနက်ပိုင်း လေပြင်းများ တိုက်ခတ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ တောင်ဝိုင်းရပ်ဥယျာဉ်လမ်းနယ်မြေ ၁၀ ရှိ နေအိမ်များ ရေမြုပ်ကာ ကလေးလူကြီး ၁၀၀ ကျော် ပိတ်မိနေပြီး အရေးပေါ် ကယ်ဆယ် ဆောင်ရွက်လျက် ရှိကြောင်း၊ မော်လမြိုင်မြို့ရှိ ရွှေမြိုင်သီရိ ရပ်ကွက်နှင့် သီရိမြိုင်၊ မော်လမြိုင်တက္ကသိုလ် အနီးတွင် ရေများ ဝင်ရောက်လျက် ရှိကြောင်း၊ အချို့နေရာများဖြစ်သော ပြည်သူ့ဆေးရုံကြီးနှင့် ရုံး၊ နေအိမ်အချို့တွင်လည်း ရေများဝင်ရောက် လျက် ရှိကြောင်း၊ ဓာတ်မီးတိုင်နှင့် သစ်ပင်ကြီးများ ကျိုးကျလျက်ရှိကြောင်း၊ မုတ္တမတိုက်နယ် ဆေးရုံအတွင်း ရှိ ရေများ ဝင်ရောက်သောကြောင့် အရေးပေါ် ပြောင်းရွှေ့လျက်ရှိပြီး လမ်းမများပေါ်ရေကျော်နေသဖြင့် သံလွင်တံတား မော်လမြိုင်အား ခေတ္တ ပိတ်ထားကြောင်း၊ မော်လမြို့ရှိ ကျိုက်သံလန် အရှေ့ဘက်မုဒ်ဦးအနီး မြေသားနံရံများ ပြိုကျလျက်ရှိပြီး အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း၊ အချို့ရပ်ကွက် ကျေးရွာများတွင် ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါနေရာများသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် ပြည်နယ်ဝန်ကြီးများ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ အရေးပေါ်ကယ်ဆယ်ရေးဌာနများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တပ်မတော်သားများ ပြည်သူများ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဟိန်း (ပြန်/ဆက်)

=================================================

ကျိုက်မရောတွင် မိုးသည်းထန်၍ ရေကြီးနစ်မြုပ်

ကျိုက်မရော ဇွန် ၁၇

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းမှ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မူ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာထိပ်စေတီမှစ၍ ဈေးဆိုင်များ လူသွားလမ်းမများ၊ ကားလမ်းမ တစ်လျှောက် နှင့် အနိမ့်ပိုင်းနေရာ အချို့တွင် မိုးရေများ ဝင်ရောက်နစ်မြုပ်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာ ရုံးအချို့တွင်လည်း ရေများ ဝင်ရောက်လျက်ရှိကြောင်း၊ ဇွန်လ ၁၇ ရက်နေ့ အထိ ဆက်လက် အပြင်းအထန် ရွာသွန်းဆဲဖြစ်၍ မိမိနေထိုင်ရာရုံးများရှိ ဌာနပိုင်ပစ္စည်းများ ရေစိုနစ်မြုပ်မှု မရှိစေရန် ကြိုတင်လုပ်ဆောင်လျက်ရှိကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)

=================================================

ပေါင်မြို့နယ်ရှိ ကျေးရွာအချို့နှင့် မုတ္တမတိုက်နယ်ဆေးရုံအတွင်းသို့ ရေများ ဝင်ရောက်

ပေါင် ဇွန် ၁၇

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာအချို့နှင့် မုတ္တမပြည်သူ့ဆေးရုံထဲသို့ ရေများဝင်ရောက်သောကြောင့် အဆိုပါဆေးရုံရှိ ဆေးကုသနေသော လူနာများအား ယနေ့ နံနက်ပိုင်းတွင် အရေးပေါ် ရွှေ့ပြောင်းပေးလျက် ရှိကြောင်း သိရသည်။

မုတ္တမတိုက်နယ် ဆေးရုံရှိ လူနာများအား မြနန်းဘုန်းကြီးကျောင်းအတွင်းသို့ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ သံဃာတော်များတို့က အရေးပေါ် ရွှေ့ပြောင်းပေးလျက်ရှိပြီး လူထိခိုက်မှု မရှိကြောင်း ကနဦး သတင်းအရ သိရသည်။

မြို့နယ်ပြန်ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရေနစ်မြုပ်လျက်ရှိ မွန်ပြည်နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာအချို့တွင် ရေနစ်မြုပ်လျက်ရှိ Reviewed by THITHTOOLWIN on 14:20 Rating: 5
Powered by Blogger.