မြန်မာငြိမ်းချမ်းရေး အတွက် တရုတ် ဘာမဆိုကူညီမယ်

ကချင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ အတွက် ကျပ်သိန်း ၄၀၀ လှူးဒါန်းခဲ့
အိမ်နီးချင်းနိုင်ငံ မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုရင် တတ်နိုင်သလောက် ဘာမဆိုကူညီမယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်က ပြောဆိုလိုက်ပါတယ်။

ရေရှည်တည်တန့်ခိုင်မြဲတဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ဒီထက်ပိုပြီး တွေ့ဆုံဆွေးနွေးဖို့မျှော်လင့်တယ်လို့ တရုတ်သံအမတ် မစ္စတာဟုန်လျန် ပြောပါတယ်။

သံအမတ်ဟာ ကချင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရတဲ့စစ်ဘေးရှောင်တွေ အတွက် ကျပ်သိန်း ၄၀၀ လှူးဒါန်းခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ ရန်ကုန်မြို့ကပွဲမှာ အခုလိုပြောဆိုလိုက် တာဖြစ်ပါတယ်။

ကချင်ဒုက္ခသည်တွေအတွက်လှူဒါန်းတဲ့ငွေတွေကို မြန်မာအစိုးရငြိမ်းချမ်းရေးကောင်မရှင်ရဲ့ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ဇွန်လ ၁ ရက်နေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ လက်ခံခဲ့ပါတယ်။

"မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးအတွက်အထောက်အကူပြုတာတွေကို ဘာမဆိုအကုန် အကူအညီပေးမယ်။ ပဋ္ဋိပက္ခနဲ့ ပစ်ခတ်မှုကို အမြန်ဆုံးရပ်စဲဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအဖက်ဖက်ကလည်း ဒီထက်ပိုပြီးတော့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်" လို့ မစ္စတာဟုန်လျန် က ပြောပါတယ်။

ဒါ့အပြင်မြန်မာအစိုးရကကျင်းဖို့ စီစဉ်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင် လုံညီလာခံအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ဖို့ မျှော်လင့်ပြီး အဲဒီညီလာခံအောင်မြင်ဖို့ တရုတ်ဘက်ကလည်း ဆက်ပြီးကူညီမယ်လို့ သံအမတ်က ပြောပါတယ်။

၂၀၁၇ ခုနစ်က ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ အစည်းအဝေး ဒုတိယအကြိမ်မှာလည်း တရုတ် မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အန်စီအေ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ တက်ရောက်နိုင်ရေး တရုတ်နိုင်ငံက ကူညီပေးခဲ့ပါတယ်။
ကချင်စစ်ဘေးရှောင်
မြန်မာအစိုးရငြိမ်းချမ်းရေးကောင်မရှင်ရဲ့ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကလည်း တရုတ်ဟာ မြန်မာပြည်ကဒုက္ခရောက်နေတဲ့ပြည်သူတွေအကူအညီလိုအပ်တဲ့အခါမှာ ကူညီပေးတဲ့မိတ်ဆွေ ကောင်းဖြစ်တယ်လို့ဆိုပါတယ်။

"ကျွန်တော်တို့နိုင်ငံမြောက်ပိုင်းမှာ နေရပ်စွန့်ခွာဒုက္ခသည်များ စားဝတ်နေရေးအတွက်လှူဒါန်းတာ ဖြစ်တဲ့အတွက် အကူအညီလိုပ်တဲ့လူတွေကို လိုအပ်တဲ့အချိန်မှာလှူဒါန်းတာဖြစ်ပါတယ်။ မိတ်ဆွေ ကောင်းပီသစွာ ကျွန်တော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ကိုယ်ရောစိတ်ပါ ကူညီတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" လို့ ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။

"သံအမတ်ကြီးတိုက်တွန်းသလိုပဲ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်များနဲ့လည်း ဆက်ပြီးတော့ ထိတွေ့၊ ဆက်ဆံ၊ ဆွေးနွေးသွားမယ်ဆိုတာ ကျွန်တော်ကတိပြုပါတယ်" လို့ သူကပြောပါတယ်။
ကချင်လွတ်လပ်ရေး တပ်မတော် 
BBC Burmese
http://www.bbc.com/burmese
မြန်မာငြိမ်းချမ်းရေး အတွက် တရုတ် ဘာမဆိုကူညီမယ် မြန်မာငြိမ်းချမ်းရေး အတွက် တရုတ် ဘာမဆိုကူညီမယ် Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.