မမှန်မကန် သတင်းတင်သူကို အမှုဖွင့်

ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၈(က) နဲ့ အမှုဖွင့်ခံထားရတဲ့ ကိုမြတ်သူထွန်း ကို တွေ့ရစဉ် / Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်သမားတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးတယ်ဆိုတဲ့ မမှန်မကန်သတင်း တင်ခဲ့တဲ့ မြတ်သူထွန်းဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ကို မြောက်ဦး မြို့မရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၈(က) နဲ့ အမှုဖွင့်ထားပါတယ်။

လက်ရှိမှာတော့ သူ့ကို အာမခံပေးထားတယ်လို့ အမှုဖွင့်ခံထားရတဲ့ ကိုမြတ်သူထွန်းက ပြောပါတယ်။

အဲဒီသတင်းအမှားကို မြတ်သူထွန်း ဖေ့စ်ဘွတ်အကောင့်မှာ ပြီးခဲ့တဲ့ဇွန်လ ၁၀ ရက်နေ့ညက တင်ခဲ့တာဖြစ်ပြီးတော့ ဇွန်လ ၁၁ ရက်နေ့မှာ မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သူရက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၈(က)ဟာ မမှန်မကန်တဲ့ သတင်းအချက်အလက်တွေကို မရိုးမဖြောင့်တဲ့ သဘောနဲ့ ဆက်သွယ်တာ၊ ဖမ်းယူတာ၊ ပို့လွှင့်တာ၊ ဖြန့်ချိတာ၊ ပေးဝေတာ၊ ပါဝင်ဆောင်ရွက်တာတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေပုဒ်မတစ်ခု ဖြစ်ပါတယ်။

အမှုဖွင့်ခံထားရတဲ့ ကိုမြတ်သူထွန်းက သူ့ရဲ့အကောင့်ထဲကို တစ်စုံတစ်ယောက်က ဝင်ရောက် ရေးသားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုမြတ်သူထွန်းဟာ ဆဲဗင်းဒေး၊ ဒီဗီဘီနဲ့ အခြားသတင်းဌာနတချို့မှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိ မြောက်ဦးမြို့မှာ နေထိုင်ပြီး အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အခုလို အမှုဖွင့်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သူရကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

RFA Burmese
https://www.rfa.org/burmese
မမှန်မကန် သတင်းတင်သူကို အမှုဖွင့် မမှန်မကန် သတင်းတင်သူကို အမှုဖွင့် Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.