မယ်လဒုက္ခသည်စခန်း တောင်ကျရေတက်ကြောင့် အိမ်တရာကျော် ရေနစ်မြုပ်

မယ်လဒုက္ခသည်စခန်း တောင်ကျရေတက်ကြောင့် အိမ်တရာကျော် ရေနစ်မြုပ်
မဲဆောက်မြိုရဲ့ မြောက်ဘက် ၆၅ကီလိုလောက်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ ဇွန်လ ၁၇ ရက်နေ့က တောင်ကျရေတက်လာတဲ့အတွက် ဒုက္ခသည်တွေရဲ့ အိမ်တရာကျော် ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးမူတွေရှိသလိ ဆန်နဲ့ အိုးခွက်ပစ္စည်းတွေလည်း မျောပါသွားတယ်လို့ ကရင်ဒုက္ခသည်ကော်မတီက ဆိုပါတယ်။ ရုတ်တရက်ပဲ တောင်ကျရေတက်လာတဲ့အတွက်လည်းဒုက္ခသည်တွေကစိုးရိမ်ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့လူဦးရေ ၄သောင်းကျော် ၅သောင်းနီးပါးခိုလှုံနေထိုင်နေတဲ့ မယ်လ ဒုက္ခသည်စခန်းမှာ မိုးများပြီး တောင်ကျရေတွေကျလာတဲ့အတွက် အိမ်အလုံး ၁၀၀ကျော်ရေနစ်မြုပ်ပြီး ပျက်စီးခဲ့သလို၊ အစားအသောက်ရိက္ခာတွေ အသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးကုန်ပြီးေ၇ထဲမျောပါသွားခဲ့ရကြောင်း ကရင်ဒုက္ခသည်ကော်မတီရဲ့  ဥက္ကဌ ဦးရောဘတ်ထွေးကပြောပါတယ်။

"အိမ်အားလုံး ၁၀၂လုံးမြုပ်သွားတယ် ပစ္စည်းတွေဘာတွေအားလုံးပါသွားတယ် အိုးတွေဘာတွေတော့ရေစီးနဲ့ အတူမျောသွားတယ် အိမ်တွေကတော့ မမျောဘူး။ ပျက်ဆီးကုန်တယ် ရေကကြီးဖူးတယ် ဒီလောက်တော့မဖြစ်ဖူးဘူး။ တောင်ရေကျတော့လူတွေကပြေးကြတာပဲ'

ရေဘေးဒဏ်ခံခဲ့ရတဲ့ဒုက္ခသည်တွေအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အကူညီပေးရေးတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

အရင် မြန်မာစစ်အစိုးရလက်ထက်က ဖိနှိပ်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ တိုင်းရင်းသားဒုက္ခသည်တွေကို ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေးထားတာဖြစ်ပါတယ်။

ဒီဒုက္ခစခန်း၉ခုထဲမှာ ကရင်နီဒုက္ခသည်စခန်း ၂ခုပါဝင်တာပါ။ ကရင်နီဒုက္ခသည်စခန်း ၂ခုမှာတော့ ဒုက္ခသည်ပေါင်း ၁သောင်း ၃ထောင်ကျော်ခိုလှုံနေထိုင်နေတာဖြစ်ပြီး ကျန်တဲ့ကရင်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေအားလုံးပေါင်းမယ်ဆိုရင်တော့ ထိုင်းမြန်မာနယ်စပ်က စခန်းတွေမှာ ဒုက္ခသည်တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။ ကရင်ဒုက္ခသည်စခန်းတွေကတော့ မယ်လ၊ မယ်လအူး ၊မယ်ရာမို့ ၊ ထမ်းဟင်၊ ဘန့်တုံယမ်း၊ နို့ ဖိုး ၊အုန်းဖန် စတဲ့ ဒုက္ခသည်စခန်းတွေအနက် မယ်လဒုက္ခသည်စခန်းကတော့ အကြီးဆုံးဒုက္ခသည် စခန်းလည်းဖြစ်ပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မယ်လဒုက္ခသည်စခန်း တောင်ကျရေတက်ကြောင့် အိမ်တရာကျော် ရေနစ်မြုပ် မယ်လဒုက္ခသည်စခန်း တောင်ကျရေတက်ကြောင့် အိမ်တရာကျော် ရေနစ်မြုပ် Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.