မော်လမြိုင်ခနောက်စိမ်းစက်ရုံမှ အနံ့ဆိုးထွက်ရှိမှုအပေါ် မဖြေရှင်းပေးသဖြင့် ဒေသခံများ ဆန္ဒဖော်ထုတ်မည်


 မော်လမြိုင်၊ ဇွန် ၎

မွန်ပြည်နယ်၊ မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းစက်ရုံများမှ အနံဆိုးများ ထွက်ရှိနေမှုကို တားဆီးပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ မတ်လနှင့် ဧပြီလတို့တွင် မော်လမြိုင်စက်မှုဇုန်မှာ နေထိုင်သည့် ဒေသခံ ၂၀၀ ကျော်က တိုင်ကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် ဆန္ဒထုတ်ဖော်မည်သွားမည်ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

“ဝန်ကြီးချုပ်ကို စာတင်ထားတယ်၊ သူအဖြေတစ်ခု ဘာမှ မပေးဘူး၊ ကျွန်တော်တို့ တော်တော် ခံစားရတယ်၊ မနေနိုင်တော့ဘူး၊ ညှော်တာ မခံနိုင်ဘူး၊ ကျွန်တော်တို့ ဆန္ဒပြမယ်”ဟု မော်လမြိုင်စက်မှုဇုန်မှာ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသည့် ကိုဇော်နိုင်ဦးက ပြောသည်။

မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းစက်ရုံမှ အနံဆိုးများ ထွက်ရှိလာမှုကြောင့် ပတ်ဝန်းကျင်တွင်နေထိုင်သည့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် နာမကျန်းသူများက ပိုမိုခံစားနေရကြောင်း မော်လမြိုင်စက်မှုဇုန်တွင် နေထိုင်သည့် ဒေသခံများက ဆိုသည်။

“ပြည်နယ်အစိုးရကို ခနောက်စိမ်းစက်ရုံမှ ထွက်လာတဲ့ အနံအသက်လေးကို ဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်”ဟု မော်လမြိုင်စက်မှုဇုန်မှာ အသုတ်စုံရောင်းနေတဲ့ ဒေါ်ချိုချိုမာက ပြောဆိုသည်။

ပြည်သူလူထု ကျန်းမာရေးထိခိုက်နိုင်သည့် အနံဆိုးများထွက်သည့် ခနောက်စိမ်းစက်ရုံများကို လူနေအိမ်နှင့် နီးသောနေရာများတွင် စက်ရုံဆောက်ခွင့်၊ စက်ရုံလည်ပတ်ခွင့် မပေးသင့်ကြောင်း စက်မှုဇုန်တွင်နေထိုင်သော ဒေါ်ညိုညိုစိမ့်က ဆိုသည်။

“ည ၆ နာရီခွဲ၊ ၇ နာရီကြား သူဟာက ပုံမှန်မဟုတ်ဘူး၊ ညဆိုရင် ၁၂ နာရီ၊ မနက်ဆိုရင် ၃ နာရီ လူအခြေအနေကို ကြည့်ပြီးတော့သူက လွတ်တာ၊ လူတွေလာကြည့်ရင်သူက တိတ်သွားမှာပေါ့၊ ဖမ်းရခက်တယ်၊ အနံကလေ ငြိဟောင်ဟောင်နဲ့ ယမ်းစိမ်းလိုမျိုး အနံရလိုရှိရင် မှုးတူးတူးဖြစ်နေတယ်၊ ကိုယ်တစ်ယောက်တဲ့မဟုတ်ဘူး၊ လူတိုင်းဖြစ်တယ်၊ အချို့ဆို အောအန်တာဖြစ်တယ်”ဟု စက်မှုဇုန်အရှေ့တွင် ကွတ်တီယိုရောင်းနေသော မနန်းဦးက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်မှူးနှင့် ဌာနဆိုင်ရာများမှ စက်မှုဇုန်သို့ လာရောက်ကြသော်လည်း ခနောက်စိမ်းစက်ရုံများမှ အနံဆိုးများ ထွက်ရှိနေမှုကို ယနေ့အချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မော်လမြိုင်စက်မှုဇုန်၌ ခနောက်စိမ်းစက်ရုံ ခြောက်ရုံရှိပြီး ၂၀၁၇ နှစ်   ဒီဇင်ဘာလတွင် မြန်မာရှင်းရှင်းခနောက်စိမ်းစက်ရုံ၊ မြန်မာဆန်းဇော်ခနောက်စိမ်းစက်ရုံနှင့် အရှေ့မြောက်ဆင်ဖြူ တော်ခနောက်စိမ်းစက်ရုံတို့ စမ်းသပ်လည်ပတ်ခွင့်ရထားကြောင်း မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

By Thanlwintimes
http://thanlwintimes.com/
မော်လမြိုင်ခနောက်စိမ်းစက်ရုံမှ အနံ့ဆိုးထွက်ရှိမှုအပေါ် မဖြေရှင်းပေးသဖြင့် ဒေသခံများ ဆန္ဒဖော်ထုတ်မည် မော်လမြိုင်ခနောက်စိမ်းစက်ရုံမှ အနံ့ဆိုးထွက်ရှိမှုအပေါ် မဖြေရှင်းပေးသဖြင့် ဒေသခံများ ဆန္ဒဖော်ထုတ်မည် Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.