ပင်လယ်လိုင်းရိုက်ပြီး ကမ်းပါးပြိုကျမှုကြောင့် တောင်ကုတ်မြို့နယ်မှ ကုလရောင်ကျေးရွာတွင် အိမ်များ ဖြိုဖျက်ရ


နိရဉ္စရာ၊ ဇွန် ၁၅

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ပင်လယ်ကမ်းခြေ အနီးတွင် တည်ရှိသည့် ကုလရောင် ကျေးရွာတွင် ပင်လယ်လှိုင်းလုံများ လာရိုက်မှုကြောင့် မြေပြိုကျသဖြင့် အိမ်များကို ဖြိုဖျက်ပြီး ရွှေ့ပြောင်း နေရသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ ပထမနေ့က ၆ လုံး ဖြိုဖျက်လိုက်ရပါတယ်။ ဒီကနေ့မှာ ၅ လုံး ဖြိုဖျက်ဖို့ စီစဉ်နေပါတယ်။ စုစုပေါင်း အိမ် ၅၀ ခန့်က ဖြိုရမယ်ထင်ပါတယ်” ဟု ကုလရောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ရေက ပြောသည်။


ကုလရောင်ကျေးရွာသည် တောင်ကုတ်မြို့နယ်မှ အိမ်ခြေ ၂၈၅ ဆောင်ရှိသည့် ကျေးရွာ တစ်ရွာ ဖြစ်ပြီး ဘင်္ဂလာပင်လယ် ကမ်းစပ်တွင် တည်ရှိကြောင်း သိရသည်။

“ ပင်လယ်ရေဝင်ရောက်တဲ့ အပြင် လိုင်းတွေကလည်း ရွာကမ်းပါးကို လာရိုက်တော့ စိုးရိမ်စရာအခြေအနေ ရှိနေပါတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတော့ ဒီရေလည်း တက်နေပါတယ်” ဟု သူက ပြောဆိုသည်။

ယခု ဖြိုလိုက်ရသည့် အိမ်များမှာ အောင်မင်းချောင်အပိုင်းမှ နေအိမ်များဖြစ်ပြီး ယခုအခါ ယင်းအပိုင်းတွင် နေထိုင်သူများကို မုန်တိုင်းရှောင် အဆောက်အဦးသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။

ထိုသို့ အိမ်များဖြိုဖျက်လိုက်ရပြီး ကျေးရွာသားများ ဒုက္ခရောက်နေကြသည့် အခြေအနေကို တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့တင်ပြထားပြီး အရေးပေါ် အကူအညီများ အမြန်လိုအပ်နေကြောင်း ကုလရောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ရေက ပြောကြားသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
ပင်လယ်လိုင်းရိုက်ပြီး ကမ်းပါးပြိုကျမှုကြောင့် တောင်ကုတ်မြို့နယ်မှ ကုလရောင်ကျေးရွာတွင် အိမ်များ ဖြိုဖျက်ရ ပင်လယ်လိုင်းရိုက်ပြီး ကမ်းပါးပြိုကျမှုကြောင့် တောင်ကုတ်မြို့နယ်မှ ကုလရောင်ကျေးရွာတွင် အိမ်များ ဖြိုဖျက်ရ Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.