ထိုင်းက မြန်မာတွေအရေး သမ္မတဆွေးနွေး

သမ္မတဦးဝင်းမြင့် (ယာ) နဲ့ ထိုင်းဝန်ကြီးချုပ်
ထိုင်းနိုင်ငံကမြန်မာအလုပ်သမားတွေ ရသင့်တဲ့အခွင့်အရေးနဲ့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန် လာရေးအပါအဝင် ရခိုင်ပြည်နယ်အရေးကို သမ္မတဦးဝင်းမြင့်က ထိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ပါ တယ်။

ဇွန်လ ၁၄ ရက်နေ့ ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ နဲ့တွေ့ဆုံတဲ့အခါမှာ သမ္မတဦးဝင်းမြင့်က အခုလိုဆွေးနွေးခဲ့တယ်လို့ မြန်မာသမ္မတရုံးက ရေးသားဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ သင့်တော်တဲ့ရပိုင်ခွင့်နဲ့ ကာကွယ်စောင့်ရှောက်မှုပေးရေး၊ ရခိုင်ပြည်နယ်အရေးကို ထိုင်းနိုင်ငံက အပြုသဘောဆောင်တဲ့ အကူအညီပေးရေး၊ ထိုင်းနိုင်ငံမှာခိုလှုံနေတဲ့ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ နယ်စပ် ဂိတ်များအဆင့်မြှင့်တင်ရေးအပါအဝင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ သမ္မတဦးဝင်းမြင့်နဲ့အတူ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းဝန်ကြီး ချုပ်နဲ့အတူ ဒုတိယဝန်ကြီးချုပ်အပါအဝင် ထိုင်းဝန်ကြီးနဲ့ အဆင့်မြင့်အရာရှိတွေ လည်း တက်ရောက်ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဖိတ်ကြားချက်အရ သမ္မတဦးဝင်းမြင့်က ဇနီးဒေါ်ချိုချို နဲ့အတူ တခြားအစိုးရအရာရှိ တွေနဲ့ ထိုင်းနိုင်ငံကိုသွားရောက်တာဖြစ်ပြီး ဘန်ကောက်မြို့မှာကျင်းပမယ့် ၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်မြစ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်း အဝေးကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

ဘန်ကောက်မြို့က မြန်မာသံရုံးကိုသွားရောက်ပြီး မြန်မာသံရုံး၊ စစ်သံရုံးနဲ့ဌာနဆိုင်ရာ က ဝန်ထမ်းတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာသံရုံးအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင်ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်ဖြစ်စေရေးနဲ့ ရပိုင်ခွင့်တွေကို မှန်မှန်ကန်ကန် ရရှိစေရေးအတွက် အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထိုင်းက မြန်မာတွေအရေး သမ္မတဆွေးနွေး ထိုင်းက မြန်မာတွေအရေး သမ္မတဆွေးနွေး Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.