ဆိုင်ကယ်ဖိုးကျန်ငွေတောင်းရာမှ လူသတ် ထွက်ပြေးတိမ်းရှောင်သွားသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ဓါတ်ပုံ - ရိုးမ
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်၊ ဒေါနခြံရပ်တွင် ဆိုင်ကယ်ဖိုး ကျန်ငွေတောင်းရာမှ လူသတ်မှု ကျူးလွန်သည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၉ရက်နေ့ ည ၉း၁၅နာရီ အချိန်ခန့်က ဒေါနခြံရပ်ကွက်တွင် နေထိုင်သည့် ကိုသိန်းထွန်းထံသို့ ကိုသိန်းစိုးအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ မလှလှဌေးတို့ရောက်ရှိလာပြီး ဆိုင်ကယ်ဘိုးကျန်ငွေ (၃၀၀၀၀)ကျပ်တောင်းခဲ့ရာ ကိုသိန်းထွန်းမှ မနက်ဖြန်ပေးမည်ပြောခဲ့သဖြင့် ပြန်ရန်ပြင်စဉ် ကိုသိန်းထွန်းက စိတ်ဆိုးသွားတာလား ဟု ပြောပြီး ကိုသိန်းစိုးအောင်အား စကေဘာဖြင့် ထိုး၍ထွက်ပြေးသွားခဲ့သည်။

ထိုသို့ စကေဘာဖြင့် အထိုးခံရ၍ ကိုသိန်းစိုးအောင်၏ ဝဲနို့အုံအောက်တွင် ထိုးသွင်းပေါက်ပြဲဒဏ်ရာရရှိခဲ့၍ မန္တလေးဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန်သွားရောက်စဉ် လမ်း၌သေဆုံးသွားခဲ့သဖြင့် ကိုသိန်းထွန်း(၃၀)နှစ်အား အရေးယူပေးရန် မလှလှဌေးမှ တရားလိုပြုလုပ်၍ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၀)မြို့မရဲစခန်းသိုတိုင်တန်းခဲ့ရာ (ပ)၁၈၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ခဲ့သည်။

ယင်းဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်၏လမ်းညွန်ချက်နှင့်အညီ ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ၊ စခန်းမှူး ဒုရဲမှူး ခင်မောင်လွင်၊ ခရိုင်မှု/ကူဌာနစိတ်မှ ရဲအုပ်အောင်ကိုဝင်း၊ ရဲအုပ်သူရဌေး၊ ဒုရဲအုပ်ကျော်ဝင်းမောင်၊ ဒုရဲအုပ်ခင်ကိုနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးမင်းဦးတို့သည် အဖွဲ့ငယ်များဖွဲ့၍ ဆောင်ရွက်ရာ ပြစ်မှုကျူးလွန်သူ ယခင်နေထိုင်ဖူးသော အောင်မြေသာစံမြို့နယ်၊ မရမ်းခြံဆိပ်ကမ်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိခဲ့ပြီး ထိုသို့ထွက်ပြေး တိမ်းရှောင်သွားသောနေရာအား စခန်းမှူးဒုရဲမှူးခင်မောင်လွင်၊ ခရိုင်မှု/ကူဌာနစိတ်မှ ရဲအုပ်သူရဌေး၊ ဒုရဲအုပ်ကျော်ဝင်းမောင်၊ ဒုရဲအုပ်ခင်ကို၊ အမှတ်(၅)ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရဲပရဟိတအဖွဲ့မှ ဦးမျိုးဝင်းနိုင်(ခ)ရိုးမတို့ ပူးပေါင်းအဖွဲ့မှ စုံစမ်းရှာဖွေဖမ်းဆီးရာ ဇွန်လ ၂၀ရက် ၀၀:၃၀ နာရီအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းအနောက်ထိပ်၊ ရှုခင်းသာ ပန်းခြံအနီး သဲပုံပေါ်တွင် ပုန်းအောင်းနေရာမှ လုံးထွေးဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အရိုးအသွား အရှည် (၁၂)လက်မခန့်ရှိ သုံးမြှောင့်စကေဘာကို အခင်းဖြစ်ရပ်အနီး ခြုံပုတ်အတွင်းလွှင့်ပစ်ခဲ့ကြောင်း ထွက်ဆို၍ရှာဖွေသိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ဆိုင်ကယ်ဖိုးကျန်ငွေတောင်းရာမှ လူသတ် ထွက်ပြေးတိမ်းရှောင်သွားသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ ဆိုင်ကယ်ဖိုးကျန်ငွေတောင်းရာမှ လူသတ် ထွက်ပြေးတိမ်းရှောင်သွားသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.