မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် ကံမမြို့နယ်အတွင်းရှိ တံတားတစ်စင်း ရေထဲမျောပါ


ကံမဇွန်၁၃

မိုးများအဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်းရှိ သရက်မြို့နှင့် ကံမမြို့တို့  ဆက်သွယ်ထားသော သံကူဘေလီတံတားမှာ ရေထဲမျောပါသွားခဲ့ ကြောင်းသတင်းရရှိသည်။

အဆိုပါတံတားမှာ ဇွန်လ(၁၁)ရက်နေ့ ည(၉)နာရီအချိန်ခန့်မှစတင်ကာ မင်းတုန်းချောင်းရေများ တဖြည်းဖြည်းတိုးလာပြီး ည(၁၁)နာရီကျော်ခန့်တွင်တံတားပေါ်သို့ ကားအသွားအလာများပိတ်ထားခဲ့ရကြောင်း၊ ဇွန်လ(၁၂)ရက်နေ့ နံနက်(၃း၄၅)နာရီအချိန်တွင် မျောပါသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ကံမမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း က “ဒီတံတားကကံမ-သရက်-ပြည်-ရန်ကုန်ဆက်သွယ်ပြီး အဓိကထားသွားနေရတဲ့ တံတားဖြစ်ပါတယ်။ ခုလို ဖြစ်သွားတော့ အကုန်လုံးသွားရေးလာရေး အခက်အခဲဖြစ်ကုန်ရတယ်။” ဟု ပြောသည်။

အဆိုပါမင်းတုန်းချောင်းတံတားမှာ အရှည်ပေ ၇၀၀ ကျော်ရှိပြီး သံကူဘေလီတံတားအမျိုးအစား ဖြစ်ကာ ၂၀၀၉-ခုနှစ်မှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတံတားမှတဆင့် ကျောင်းတက်နေရသော ကျောင်းသား ကျောင်းသူလေးများ၊ အလုပ်ကိစ္စနှင့် သွားလာနေရသောဒေသခံများ၊ ကျန်းမာရေးကိစ္စကြောင့် သွားလာနေရသောဒေသခံများအတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများကပြောသည်။

အဆိုပါ တံတားမှာ သရက်မြို့နှင့် ကံမမြို့တို့ကို ဆက်သွယ်ထားပြီး နေ့စဉ် သရက်-ကံမ-ပြည်-ရန်ကုန်သို့ သွားလာနေသော ခရီးသည်တင်ကား(၈)စီးခန့်သွားလာနေပြီး မကွေး၊ ပြည်၊ သရက်တို့ကို နေ့စဉ် ဒေသခံများ သွားလာမှုများပြုလုပ်နေရကြောင်း သိရသည်။

အဆိုပါတံတားအပြင် ယင်းဒေသရှိ မင်းတုန်းချောင်းနှင့် ပနီချောင်းတို့မှ တောင်ကျချောင်းရေများကြောင့် ကံမမြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာရေနစ်မြုပ်ပြီး အိမ်ပြိုမှုများလည်းရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း ကပြောသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် ကံမမြို့နယ်အတွင်းရှိ တံတားတစ်စင်း ရေထဲမျောပါ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် ကံမမြို့နယ်အတွင်းရှိ တံတားတစ်စင်း ရေထဲမျောပါ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.