မိုးကုတ်မြို့နယ်မှာ မြေပြိုကျပြီး သေဆုံးသူ ၅ ဦးရှိ

မိုးကုတ်မြို့နယ် ကသည်းကျေးရွာအုပ်စုမှာ မိုးကြီးပြီး မြေပြိုကျမှုဖြစ်ခဲ့တဲ့နေရာကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်/ Photo: Hein Zaw Thu - facebook
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ကသည်းကျေးရွာအုပ်စုမှာ မိုးကြီးပြီး မြေပြိုကျမှုကြောင့် တောင်ကမ်းပါး ကုန်းစောင်းမှာ နေထိုင်တဲ့သူ ၅ ဦး ဒီနေ့ မနက်အစောပိုင်းက သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတာ ဟုတ်မှန်ကြောင် မိုးကုတ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းအေးက ပြောပါတယ်။

"မိုးတွေကများတော့လေ၊ မိုးကုတ် ကသည်းအုပ်စုမှာ တောင်ပြိုတာ၊ တောင်ပြိုတော့ တောင်ကမ်းပါးမှာဆောက် ထားတဲ့ တဲလေးသုံးလုံး ပြိုသွားပါတယ်။ လူငါးယောက် သေဆုံးပါတယ်။ အဲဒီတဲလေး သုံးလုံးက နှစ်လုံးကတော့ မြေပြိုမှာစိုးလို့ သူတို့က တခြားသွားအိပ်ကြတာပေါ့နော်၊ တစ်လုံးမှာတော့ လူ ငါးယောက်က အဲဒီမှာပဲ ဆက်အိပ်တယ်ဆိုတော့ မြေပြိုသွား သေသွားပါတယ်"

သေဆုံးသူတွေထဲမှာ လူကြီး ၄ ဦးနဲ့ ကလေးငယ်တစ်ဦးပါဝင်ပြီး ရဲတပ်ဖွဲ့က သေမှုသေခင်းစစ်ဆေးပြီးရင် ရပ်ကွက်သာရေးနာရေးအဖွဲ့က သဂြိင်္ုဟ်ပေးမယ်လို့ သိရပါတယ်။

အဲဒီမြေပြိုကျတဲ့ တောင်ကုန်းစောင်းမှာ တဲအိမ်သုံးလုံးရှိပြီး တဲအိမ် နှစ်လုံးမှာနေထိုင်တဲ့ မိသားစုတွေကတော့ မြေပြိုမှာစိုးရိမ်တာကြောင့် တခြားနေရာကို ရွှေ့ပြောင်းသွားတဲ့အတွက် အသက်အန္တရယ်ကနေ လွတ်မြောက်ခဲ့ တယ်လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

အဲဒီလို လွတ်မြောက်လာတဲ့ မိသားစု ကိုးဦးခန့်ကိုတော့ မိုးကုတ်မြို့ပေါ်က တရုတ်ဘုံကျောင်းတစ်ခုမှာ ခေတ္တနေထိုင်ခွင့်ပြုထားတယ်လို့ ဦးစောသောင်းအေးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အဲဒီကသည်းရွာမှာ မိုးကြီးပြီး တောင်ပြိုကျတာတွေရှိခဲ့ပါတယ်။

ဒီနှစ်မိုးရာသီ မိုးကုတ်မြို့မှာလည်း မြေပြိုတာတွေရှိပြီး ဓာတ်တိုင်တွေနဲ့ သစ်ပင်တွေ လဲပြိုကျတာကြောင့် လမ်းရှင်းလင်းရေး လုပ်နေရတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
မိုးကုတ်မြို့နယ်မှာ မြေပြိုကျပြီး သေဆုံးသူ ၅ ဦးရှိ မိုးကုတ်မြို့နယ်မှာ မြေပြိုကျပြီး သေဆုံးသူ ၅ ဦးရှိ Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.