ကုမ္ပဏီတွေ မှတ်ပုံတင်သစ် ပြန်လျှောက်ရမယ်

နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာစာ
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေဟာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ စတင်အာဏာ တည်ကြောင်း နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအတွက် ကုမ္ပဏီအားလုံးဟာ သြဂုတ်လတစ်ရက်နေ့က စပြီး ဥပဒေသစ်နဲ့ ပြန်လည် မှတ်ပုံတင် လျှောက်ထားရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီ ဥပဒေသစ်မှာ ပြင်ဆင်ထားတဲ့အချက် ၁၂ ချက်ရှိပြီး ဥပဒေသစ်အရ အရင်ကလိုကုမ္ပဏီထောင်ရင် အနည်းဆုံးဒါရိုက်တာ နှစ်ဦးရှိဖို့ မလိုတော့ပဲ ဒါရိုက်တာ တစ်ဦးတည်းနဲ့ ကုမ္ပဏီထောင်လို့ ရလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။

ရန်ကုန် ဆိပ်ကမ်း တနေရာ
ဒါ့အပြင် အရင်က မြန်မာနိုင်ငံသား ကုမ္ပဏီမှာ နိုင်ငံခြားသား အနေနဲ့ ၁ ရာခိုင်နှုန်းရှယ်ယာ ပါရင် နိုင်ငံခြားသား ကုမ္ပဏီလို့ သတ်မှတ်ပေမဲ့ အခု ဥပဒေ သစ်မှာတော့ နိုင်ငံခြားသားအနေနဲ့ ၃၅ ရာခိုင်နှုန်း ရှယ်ယာ ပိုင်သည့်တိုင် မြန်မာနိုင်ငံသား ကုမ္ပဏီ အဖြစ်သာ သတ်မှတ် ထားတဲ့ အချက်ဖြစ်ပါတယ်။

တစ်နှစ် ဝင်ငွေ သိန်း ၅၀ဝ ရှိပြီး ဝန်ထမ်း အင်အား ၃၀ ရှိတဲ့ ကုမ္ပဏီတွေ ကို အသေးစား ကုမ္ပဏီအဖြစ် သတ်မှတ်တယ် ဆိုတဲ့ အချက်လဲ ဥပဒေအသစ်မှာ ပါဝင်လာပါတယ်။

ဒီပြဌာန်းချက်အရ အသေးစား ကုမ္ပဏီတွေအနေနဲ့ အရင်ကလို နှစ်စဉ် စာရင်းစစ်အဖွဲ့ နဲ့ စာရင်းစစ် ခံရတာတွေ ဒါရိုက်တာအဖွဲ့ ရဲ့ အစည်းအဝေးတွေ မဖြစ်မနေ ကျင်းပစရာ မလိုတော့ပါဘူး။

ကုမ္ပဏီ မှတ်ပုံတင်ကြေးကိုလဲ ယခင်က ၁၀ သိန်း သတ်မှတ်ထားပေမဲ့လည်း အခုအခါမှတော့ ၂ သိန်းခွဲထိ လျော့ချသတ်မှတ်လိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံဟာ သြဂုတ်လ ၁ ရက်နေ့ ကနေ နောက်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ ဥပဒေအသစ်နဲ့ မှတ်ပုံပြန်တင် ရမှာဖြစ်ပါတယ်။

မှတ်ပုံပြန်မတင်တဲ့ ကုမ္ပဏီအနေနဲ့ ကုမ္ပဏီစာရင်းက ပယ်ဖျက်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က တာဝန်ရှိသူတွေကပြောပါတယ်။

အရင် အစိုးရ လက်ထက်တုန်းကလည်း ၂၀၁၃မှာ မြန်မာ နိုင်ငံက ကုမ္ပဏီ တွေရဲ့ မှတ်ပုံတင် သက်တမ်း ကို ၃ နှစ် သတ်မှတ် ထားရာ ကနေ၊ ဖေဖော်ဝါရီလ ၂၂ ရက် နေ့က စလို့ ၅ နှစ် အထိ တိုးမြှင့် ပေးခဲ့ပါတယ်။

ဒီလို သတ်မှတ် ပေးခဲ့တာဟာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ ပိုမို လွယ်ကူ ချောမွေ့စွာ ဆောင်ရွက် နိုင်ဖို့ နဲ့ ကုန်ကျ စရိတ် သက်သာ စေဖို့ ဖြစ်ပြီး၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း များလည်း ဖွံ့ဖြိုး တိုးတက် စေရေး အတွက် ရည်ရွယ် ဆောင်ရွက်တာ ဖြစ်တယ် လို့ အစိုးရ ဘက်က ပြောပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာ ကုမ္ပဏီတွေ အပေါ် အစိုးရ အနေနဲ့ ကြီးကြပ်ရတဲ့ အပိုင်းမှာ အများကြီး အားနည်း သွားနိုင်တယ် လို့ အခွန် ပညာရှင် ဦးဟန်ထွန်း က ပြောပါတယ်။

အစိုးရ ထုတ်ပြန် ချက်တွေ အရ မြန်မာ နိုင်ငံဟာ အာဆီယံ နိုင်ငံ တွေထဲမှာ အခွန် ရရှိ မှု အနည်း ဆုံးဖြစ်ပြီး အခွန် ရှောင်တဲ့ ကုမ္ပဏီတွေ အများ အပြားရှိ နေပါတယ်။

ကုမ္ပဏီတွေ ဘက်ကတော့ အစိုးရ အခုလို လုပ်ပေးတာ ကောင်းပေမဲ့၊ သက်တမ်း တိုးရတဲ့ ကိစ္စတွေ ဟာ အရင်လို၊ လနဲ့ ချီပြီး ကြာနေဆဲ ဖြစ် တယ်လို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကုမ္ပဏီတွေ မှတ်ပုံတင်သစ် ပြန်လျှောက်ရမယ် ကုမ္ပဏီတွေ မှတ်ပုံတင်သစ် ပြန်လျှောက်ရမယ် Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.