ဂွာတီမာလာမီးတောင်ပေါက်ကွဲမှုကြောင့် လူနှစ်ရာနီးပါးပျောက်ဆုံး

Fuego မီးတောင်
ဂွာတီမာလာကမီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇၅ ယောက်ရှိပြီး အနည်းဆုံး ၁၉၂ ယောက်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့တဲ့ Fuego မီးတောင်ကထွက်လာတဲ့ ပြာပုံတွေနဲ့ ရွှံ့တွေဟာ မီးတောင်နားကရွာတွေကိုလည်း ဖုံးလွှမ်းစေခဲ့ပါတယ်။

မီးတောင်ကထပ်မံပေါက်ကွဲမှုကြောင့် မီးတောင်ရဲ့တောင်ဘက်ခြမ်းမှာကျဆင်းလာတဲ့ ကျောက်ခဲနဲ့ မီးခဲတွေကြောင့် အင်္ဂါနေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ နှောင့်နှေး စေခဲ့တယ်လို့ အာဏာပိုင်က ပြောပါတယ်။

Fuego မီးတောင်ပေါက်ကွဲမှုကြောင့် လူသုံးထောင်ကျော်ကို ဘေးကင်းရာပြောင်းရွှေ့နေထိုင် ရပါတယ်။

ဒါ့အပြင် မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၁.၇ သန်းကျော် ထိခိုက်နစ်နာစေတယ်လို့ သိရပါတယ်။

စစ်သားနဲ့ မီးသတ်တပ်ဖွဲ့တွေပူးပေါင်းပြီး ပျောက်ဆုံးနေတဲ့လူတွေကိုလည်း ရှာဖွေနေကြပါတယ်။ Fuego မီးတောင်ပေါက်ကွဲစဉ်မှာ အမြင့်ပေသုံးသောင်းသုံးထောင်အထိ ပြာတွေကိုမှုတ်ထုတ်ခဲ့ တယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က မီးတောင်မပေါက်ကွဲခင်မှာ ဘေးကင်းလုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့နေထိုင်ဖို့ ကြိုတင်သတိပေးချက်တွေမရှိဘူးလို့ ဂွာတီမာလာရဲ့သဘာဝဘေးကာကွယ်ရေးအင်ဂျီစီရဲ့ ဒါရိုက်တာ Sergio Cabañas ပြောပါတယ်။

ဒေသခံတွေက အရေးပေါ်လုပ်ဆောင်ရမယ့်နည်းလမ်းတွေနဲ့ပတ်သက်တဲ့ သင်တန်းတွေရရှိကြ ပေမဲ့ မီးတောင်ပေါက်ကွဲမှုဟာ အလွန်မြန်ဆန်တဲ့အတွက် အဲဒီနည်းလမ်းတွေကို လက်တွေ့မှာ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ သူကပြောပါတယ်။

မီးတောင်ကထွက်လာတဲ့ ရွှံ့စီးဆင်းမှုအန္တရာယ်ဟာ လျှောက်တွက်လို့မရဘူးလို့ မီးတောင်ဆိုင်ရာ ဘူမိဗေဒပညာရှင် ဒေါက်တာ Janine Krippner က ဘီဘီစီကိုပြောပါတယ်။

Fuego ဟာ မီးတောင်ရှင်တစ်ခုဖြစ်တယ်။ ဒီမီးတောင်ဟာ မိုးသည်းထန်တဲ့နေရာမှာ တည်ရှိတယ်။ ဒီတော့မိုးရွာတဲ့အချိန်မှာ မီးတောင်ကထွက်လာတဲ့ ရွှံ့စီးဆင်းမှုမှာ ကျောက်ခဲနဲ့အပျက် အစီးတွေ အများကြီးပါလာတယ်။ အဲဒါတွေဟာ အရမ်းအန္တရာယ်ကြီးတယ်လို့ ဒေါက်တာ Janine Krippner က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဂွာတီမာလာမီးတောင်ပေါက်ကွဲမှုကြောင့် လူနှစ်ရာနီးပါးပျောက်ဆုံး ဂွာတီမာလာမီးတောင်ပေါက်ကွဲမှုကြောင့် လူနှစ်ရာနီးပါးပျောက်ဆုံး Reviewed by THITHTOOLWIN on 21:07 Rating: 5
Powered by Blogger.