ဦးနေဝင်းမြေးတွေကို ယာဉ်မောင်း တရားစွဲဆိုမှု တရားရုံးက လက်ခံ

ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းတို့ကို သူတို့ပိုင် YBS အမှတ် ၂၀ ယာဉ်လိုင်းက ယာဉ်မောင်းကတရားစွဲဆိုထားတဲ့အပေါ် တရားရုံးကလက်ခံလိုက်ပြီဖြစ်
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းရဲ့ မြေးဖြစ်သူ ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းတို့ကို သူတို့ပိုင် YBS အမှတ် ၂၀ ယာဉ်လိုင်းက ယာဉ်မောင်းကတရားစွဲဆိုထားတဲ့အပေါ် တရားရုံးကလက်ခံလိုက်ပြီဖြစ်ပါတယ်။

ဦးကျော်နေဝင်းနဲ့ ဇွဲနေဝင်းပိုင် YBS အမှတ် ၂၀ ယာဉ်လိုင်းကယာဉ်မောင်းဦးအောင်မြတ်က သူ့ကို ဆဲဆို ရိုက်နှက်ခဲ့တယ်ဆိုပြီး လှိုင်သာယာရဲစခန်းမှာ အမှုဖွင့်ထားခဲ့တဲ့အပေါ် တရားရုံးက ပုဒ်မ၂ခုနဲ့ စွဲဆိုဖို့ ဇွန် ၁ရက်နေ့မှာ လက်ခံခဲ့ ပါတယ်။

YBS အမှတ်၂၀ ယာဉ်မောင်းတစ်ယောက်ဖြစ်တဲ့ ဦးအောင်မြတ်က ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်က သူမောင်းနှင်တဲ့ကားဟာ သူတို့ယာဉ်လိုင်းကအခြားကားတစီးနဲ့တိုက်မိစဉ်မှာ ယာဉ်လိုင်းပိုင်ရှင် တွေဖြစ်တဲ့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့ ရောက်လာပြီး သူ့ကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြတာ ဖြစ်တယ်လို့ ဦးအောင်မြတ်ကပြောပါတယ်။

ယာဉ်မောင်းဦးအောင်မြတ်အမှုဖွင့်စွဲဆိုထားတဲ့အတိုင်း တရားရုံးက ပုဒ်မ ၂ခုနဲ့ လက်ခံပေးခဲ့တယ်လို့ ကာယကံရှင် ဦးအောင်မြတ်က ဘီဘီစီကိုပြောပါတယ်။

ဦးကျော်နေဝင်းနဲ့ဇွဲနေဝင်းတို့ကို ယာဉ်မောင်းဦးအောင်မြတ်ဘက်က ညစ်ညမ်းစွာဆဲဆိုမှုအတွက် ပုဒ်မ ၂၉၄ နဲ့ နာကျင်စေမှုအတွက်ကတော့ ပုဒ်မ ၃၂၃ နဲ့ စွဲဆိုထားသလို သူတို့ပိုင် ကုမ္ပဏီဘက်ကလည်း ယာဉ်မောင်း တွေကို မဆင်မခြင်ယာဉ်မောင်းနှင်မှု ပုဒ်မ ၂၉၇ နဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

ဦးကျော်နေဝင်းနဲ့ဇွဲနေဝင်းတို့ကိုစွဲဆိုထားတဲ့ပုဒ်မ ၂ခုအနက် ပုဒ်မ ၃၂၃ကတော့ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် တနှစ်နဲ့ငွေဒဏ်တသိန်းအဖြစ်ချမှတ်နိုင်တဲ့ပုဒ်မဖြစ်တယ်လို့သိရပါတယ်။

တရားရုံးဘက်က စွဲဆိုထားတဲ့အပေါ် လက်ခံခဲ့ပေမယ့်လည်း ဒီအမှုကို ရင်ဆိုင်ဖို့ အတွက် ဦးအောင်မြတ်အနေနဲ့ ရှေ့နေငှားနိုင်မဲ့အခြေအနေမရှိဘူးလို့ ဒီကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အလုပ်သမား အရေးဆောင်ရွက်သူ ဦးမောင်မောင်ဟန်ကဘီဘီစီကိုပြောပါတယ်။

ဧပြီ ၂၈ရက်က ဖြစ်စဉ်အပြီးမှာ ကုမ္ပဏီဘက်က ယာဉ်မောင်း ၂ ယောက်လုံးကို အလုပ်ဖြုတ်ခဲ့တယ်လို့သိရပါတယ်။

အလုပ်ဖြုတ်ရာမှာလည်း လစာကျန်ငွေကိုသာပေးပြီး ကုမ္ပဏီစည်းမျဉ်းပါအတိုင်း အလုပ်ထုတ်နစ်နာကြေးနဲ့ နို့တစ် ကြေးကို မပေးသလို လိုင်စင်ကိုလည်းသိမ်းထားတယ်လို့ ဦးအောင်မြတ်ကပြောပါတယ်။

အခုစွဲဆိုထားတဲ့ အမှုအတွက် ပထမဆုံးရုံးချိန်းကို လာမယ့် ၁၅ရက်နေ့ မှာ စစ်ဆေးဖို့ တရားရုံးကချိန်းဆိုထားပါတယ်။

စစ်အာဏာရှင်ဟောင်းတွေရဲ့မြေးဖြစ်တဲ့ ဦးကျော်နေဝင်း၊ဇွဲနေဝင်းတို့နဲ့ ယာဉ်မောင်းဖြစ်သူတို့ရဲ့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးပြီးချင်းမှာတော့ လူမှုကွန်ယက်သုံးစွဲသူတွေကြားပြောဆိုဝေဖန်မှုတွေရှိခဲ့ပြီး ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုလည်းစိတ်ဝင်စားသူအများအပြားရှိခဲ့တယ်လို့သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဦးနေဝင်းမြေးတွေကို ယာဉ်မောင်း တရားစွဲဆိုမှု တရားရုံးက လက်ခံ ဦးနေဝင်းမြေးတွေကို ယာဉ်မောင်း တရားစွဲဆိုမှု တရားရုံးက လက်ခံ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.