ရဲဘက်ပြေးမှ လူသတ်မှုကျူးလွန်


ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူမှာ လှေလှော်အင်း
ရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့သူ သူရမျိုး(ခ)ဖြိုးကို(ခ) ဖြိုးလေး ဖြစ်ကြောင်းသိရှိရပြီး၊ ဇွန်လ ၁၈ ရက်နေ့  ည ၇ နာရီ ၃၅ မီနစ်အချိန်တွင် လှည်းကူး-ပဲခူးကား လမ်းမဘေးရှိ လက်ဘက်ရည်ဆိုင်ရှေ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ပါသည်။

ဖြစ်စဉ်မှာ ၁၆.၆.၂၀၁၈ ရက်နေ့ နေ့လယ် ၁၄း၃၀ နာရီအချိန် အင်းစိန်ဆေးရုံကြီး၌ အမျိုးသားတစ်ဦး ဒဏ်ရာ များဖြင့် ရောက်ရှိလာပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း သတင်းအရလှော်ကားနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မှော်ဘီမြို့နယ်နေ လင်းလင်းစိုး(ခ)အညာသား၊ (၃၅)နှစ် ဖြစ်ပြီး ၎င်းတွင် ယာရင်အုံထိုးသွင်း ဒဏ်ရာ၊ ယာဒူးပြတ်ရှဒဏ်ရာ၊ ၀ဲလက်ကောက်ပြတ်ရှဒဏ်ရာတို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် လှော်ကားနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သော အမှုဖြစ်သည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းပြီး အမှုမှ ပြစ်ကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အရ အခင်းဖြစ်ရပ်ရှိ ပတ်ဝန်းကျင်နေ
သူများထံ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သူရမျိုး(ခ)ဖြိုးကို(ခ) ဖြိုးလေးဖြစ်ကြောင်း သိရှိရသည်။

 ၎င်းမှာ ၂၀၁၄ ခုနှစ်က လှည်းကူးမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်အား ဖောက်ထွင်းခိုးယူမှုဖြင့်ထောင်ဒဏ် (၇)နှစ်ကျခံနေရစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း လှေလှော်အင်းရဲဘက်စခန်းမှ ထွက်ပြေးလာခဲ့သူဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ၁၈.၆.၂၀၁၈ ရက်နေ့ ည ၁၉း၃၅ နာရီအချိန်တွင် သူရမျိုး(ခ)ဖြိုးကို(ခ) ဖြိုးလေးကို လှည်းကူး-ပဲခူးကား လမ်းမဘေးရှိ လက်ဘက်ရည်ဆိုင်ရှေ့မှ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ သူရမျိုး(ခ)ဖြိုးကို(ခ)ဖြိုးလေးအား စစ်ဆေးရာ ၎င်းသည်သေဆုံးသူ လင်းလင်းစိုး(ခ)အညာ သားထံမှ ချေးငှားထားသည့်ငွေအား ပြန်လည်တောင်းရာ စကားများရန်ဖြစ်ကြပြီးနောက် အသင့်ပါလာသည့်ဓားဖြင့် ထိုး၍ထွက်ပြေးခဲ့ကာ ဓားအားရွှေပြည်သာမြို့နယ်၊ ဏ/၁၄ရပ်ကွက်၊ မဟာဗန္ဓု လလမ်းဘေးရှိ ရေမြောင်းအတွင်းသို့ လွှင့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဓားအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ သူရမျိုး(ခ)ဖြိုးကို(ခ)ဖြိုးလေးအား အမှုဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှုမှ ပြစ်မှုကျူးလွန်သူအား ဥပဒေနှင့်အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ရဲဘက်ပြေးမှ လူသတ်မှုကျူးလွန် ရဲဘက်ပြေးမှ လူသတ်မှုကျူးလွန် Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.