တောင်တရုတ်ပင်လယ်မှာ ပြင်သစ်ရေတပ် အင်အားပြ


ပြင်သစ်နိုင်ငံဟာ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်ရဲ့ စစ်ရေး တည်ဆောက်မှုတွေကို တုံ့ပြန်တဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုတွေကို ကူညီဖို့အတွက် စစ်သင်္ဘောတွေ စေလွှတ်ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်းမှာ သူ့ရဲ့စစ်အင်အားကို တိုးမြှင့်လိုက်ပါတယ်။

ပြင်သစ် ဟယ်လီကော်ပတာတင်သင်္ဘော Dixmude နဲ့ စစ်သင်္ဘောတစ်စင်းတို့ဟာ ပြီးခဲ့တဲ့ မေလ နှောင်းပိုင်းက ပိုင်းနက် အငြင်းပွားနေတဲ့ စပါကလေကျွန်းနဲ့ တရုတ်က ကျွန်းငယ်တွေဖြစ်အောင် လုပ်နေတဲ့ သောင်ခုံ ကျောက်တန်းတွေတဝိုက်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီလိုရောက်လာတာဟာ
တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးကို ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့ တရုတ်ရဲ့တောင်းဆိုမှုတွေကို ဟန့်တားဖို့ အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

Dixmude ကင်းလှည့်ယာဉ်ဟာ ဒီကျွန်းငယ်တွေအနားမှာ ဖြတ်မောင်းထောက်လှမ်းရင်း ဒီရေပြင်ကို နိုင်ငံတကာရေပိုင်နက်အဖြစ် အသုံးပြုလို့ရနိုင်မလား ထောက်လှမ်းလေ့လာနေတာပါလို့ Dixmude သင်္ဘောရဲ့ရေယာဉ်မှူးက ဗွီဒီယိုအင်တာဗျူးတစ်ခုမှာ သတင်းထောက်တွေကို ပြောပါတယ်။

လောလောဆယ်မှာတော့ တောင်တရုတ် ပင်လယ်ပြင်တစ်ခုလုံးကို သူပိုင်တယ်လို့ တောင်းဆိုနေတဲ့ တရုတ်ကို အမေရိကန်က ဦးဆောင်ပြီး တခြားသော နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နိုင်ငံတွေနဲ့အတူ ရင်ဆိုင် ဆန့်ကျင်နေပါတယ်။

ပြင်သစ်နဲ့ ဗြိတိန်ဟာ အဲဒီအငြင်းပွားနေတဲ့ ရေပြင်ကို ရေတပ်သင်္ဘောတွေ ပုံမှန်စေလွှတ်ပေးနေတဲ့ ဥရောပ နှစ်နိုင်ငံ ဖြစ်ပါတယ်။ ပြင်သစ်ဟာ သူ့ရဲ့ရေတပ်သင်္ဘောတွေကို တောင်တရုတ် ပင်လယ်ပြင်ဆီ တစ်နှစ်ကို ၃ ကြိမ်နဲ့ ၅ ကြိမ်အကြား ပုံမှန် စေလွှတ်ပေးလေ့ရှိပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese/
တောင်တရုတ်ပင်လယ်မှာ ပြင်သစ်ရေတပ် အင်အားပြ တောင်တရုတ်ပင်လယ်မှာ ပြင်သစ်ရေတပ် အင်အားပြ Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.