ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဇွန် ၁ ရက်၊ ညပိုင်းက မြို့နယ်သစ်တောဦးစီးဌာနမှူး၏မော်တော် ယာဉ်မှာ ဒေသန္တရလုပ်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံခဲ့ရကြောင်း ကျောက်မဲရဲစခန်းထံမှ သိရသည်။
ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်သစ်တောရုံးဝန်းအတွင်းရပ်ထားသော မြို့နယ်သစ်တောဦးစီးမှူး ပိုင် Mark II ခဲရောင်ယာဉ်၏အင်ဂျင်အောက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ပေါက်ကွဲသံကြားလို့ သွားရောက်ပြီးတော့ စစ်ဆေးခဲ့ပါတယ်။ လူတွေ ထိခိုက်တာမရှိပါဘူး။ အကြောင်းအရင်း အသေးစိတ်ကိုတော့ ခုမှစုံစမ်းစစ်ဆေးနေတုန်းပါ”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဇွန် ၂ ရက် နံနက်(၁၀)နာရီခွဲခန့်တွင် ပြောကြားသည်။
ကျောက်မဲမြို့တွင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေပြီး ပေါက်ကွဲမှုများကို တစ်လလျှင်တစ်ကြိမ်ခန့် ကြုံတွေ့ နေရကာ ပြီးခဲ့သည့်လပိုင်းကလည်း ကျောက်မဲတိုးလ်ဂိတ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း ကျောက် မဲမြို့မှ ဇီဝိတလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင်မောင်သိန်းကပြောသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ကားအင်ဂျင်၊ ရေတိုင်ကီ၊ ရှေ့ဘန်ဘာနှင့် ရွှံ့ကာများ ပျက်စီးသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရမှုမရှိကြောင်းသိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသောနေရာတွင် ယမ်းနံ့များထွက်နေသော ဘောစေ့များတွေ့ရှိခဲ့ပြီး ပေါက်ကွဲခဲ့သည့်မိုင်းမှာ ဒေသန္တရလုပ် Remote မိုင်းအမျိုးအစားဖြစ်ကြောင်း အခင်းဖြစ်ရာသို့လာရောက်ရှင်းလင်းသော တပ်မတော် သားတစ်ဦးထံမှသိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကျောက်မဲသစ်တောဦးစီးမှူး၏ကား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရ
Reviewed by THITHTOOLWIN
on
18:25
Rating:
