တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနဲ့ ကိုယ်စားလှယ် ၇ ဦး လေ့လာရေးခရီး သွားခွင့်မရ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ်/ Photo: Shan State Government Office - facebook
ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဟာ အစား အသောက် ဘေးကင်းလုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံကို လေ့လာရေးသွားရောက်ဖို့ ပြင်ဆင် ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံးက ခွင့်မပြုတာကြောင့် သွားရောက်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့အတွက် သွားရောက်ခွင့်မရှိဘူးလို့ အကြောင်းကြားစာ ပေးပို့လာပြီး ဘယ်လို အချက်တွေက မကိုက်ညီတာလဲဆိုတာ မသိရကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က လားဟူ တိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီး ဦးယောသပ် က ပြောပါတယ်။

"တက်လာတဲ့စာအရဆိုရင် လုပ်ထုံးလုပ်နည်းနဲ့မညီလို့ ခွင့်မပြုဘူးဆိုတဲ့ အကြောင်းပဲ ဒါပဲရှိတယ်။ အဲ့လိုပဲ စာထွက်လာတော့ တခြား ဘယ်လိုလုပ်ထုံးလုပ်နည်းနဲ့မညီတာလဲ ဘယ်လိုဖြစ်တာလဲဆိုတာတော့ ကျနော်တို့ လည်း မသိဘူး။ ကျနော်ထင်တယ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဆီမှာလည်း ထုတ်ပြန်ထားတာ ရှိကောင်း ရှိပါလိမ့် မယ်။ ကျနော်တို့တော့ မသိရဘူးပေါ့နော်။ လွှတ်တော် ဥက္ကဋ္ဌ ဆီမှာလည်း ထုတ်ပြန်ထားတာ ရှိပါလိမ့်မယ်။ ကျနော်တို့ကတော့ ဂဃဏန မသိရဘူးပေါ့နော်"

ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦး၊ လွှတ် တော်ကိုယ်စားလှယ် ၇ ဦးနဲ့ နိုင်ငံရေးပါတီ ၁၂ ပါတီက ပါတီဝင် ၁၆ ဦး စုစုပေါင်း ၂၆ ဦးကို မြန်မာနိုင်ငံရေးသင်တန်းကျောင်းက ဇွန်လ ၃ ရက်နေ့ကနေ ၈ ရက် နေ့အထိ အင်ဒိုးနီးရှားနိုင်ငံ လေ့လာရေးခရီးစဉ် သွားရောက်ဖို့ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက ပါတီဝင် ၁၆ ဦး သွားရောက်ခွင့်ရခဲ့ပြီး ခရီးစဉ်နီးကပ်မှ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးတွေကို သမ္မတရုံးက သွားရောက်ခွင့်မပြုခဲ့တာဖြစ်တယ်လို့ ခရီးစဉ်သွားရောက်ဖို့ စီစဉ်ခဲ့တဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ မက်မန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီနပ် က ပြောပါတယ်။

နိုင်ငံတော် သမ္မတရုံးက ညွန်ကြားချက်နဲ့ မကိုက်ညီလို့ ခွင့်မပြုဘူးလို့ပြောရာမှာ ဘယ်လိုအချက်တွေနဲ့ မညီတာလဲ ဆိုတာ မပြောထားတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ ကနေတဆင့် မေးမြန်းထားတယ်လို့ ဦးညီနပ် ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးထံ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

RFA Burmese
https://www.rfa.org/burmese
တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနဲ့ ကိုယ်စားလှယ် ၇ ဦး လေ့လာရေးခရီး သွားခွင့်မရ တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနဲ့ ကိုယ်စားလှယ် ၇ ဦး လေ့လာရေးခရီး သွားခွင့်မရ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.