ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးကို ဖမ်းရန် ပြည်နယ်လွှတ်တော်သို့စာပို့


နိရဉ္စရာ၊ ဇွန် ၎

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံလိုက်ရသည့် ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဖမ်းဆီး စစ်ဆေးရန် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြည်နယ် အစိုးရမှ စာပို့လိုက်ပြီဟု သတင်းရရှိသည်။

ဦးသန်းမောင်ဦးက “ ဒီကနေ့ရခိုင်ပြည်နယ် အစိုးရကနေ ရဲကို ညွှန်းပြီး ရဲကနေ ဦးသန်းမောင်ဦး ကို ဖမ်းဆီး စစ်ဆေး အရေယူဖို့ စစ်ဆေးဖို့ အမြန်ဆုံး ခွင့်ပြုဖို့ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဆီ တောင်းခံလွှာ ရောက်လာတာ တွေ့ရပါတယ်။ ဒါက ရခိုင် ပြည်နယ် အစိုးရကနေ လွှတ်တော် ဥက္ကဋ္ဌဆီကို ပို့ပေးတဲစာ ဖြစ်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်အနေဖြင့် လောလောဆယ်တွင် ရခိုင်ပြည်နယ် လွှတ်တော်ကို ကျင်းပနေသဖြင့် ဦးသန်းမောင်ဦးကို ဖမ်းခွင့်ပြုနိုင်သေးမည်မဟုတ်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တရားစွဲဆိုထားသည့် စစ်တွေမြို့မ ရဲစခန်းသို့ ဆက်သွယ်ရာ ပြည်နယ် ပညာရေးမှူးမှ ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)ဖြင့် ဦးသန်းမောင်ဦးအား တရားစွဲဆိုထားခြင်း ဖြစ်ပြီး သူ့ကို ဖမ်းဆီးစစ်ဆေးရန် အထက်ကို တင်ပြထားကြောင်း ပြောကြားသည်။

ဦးသန်းမောင်ဦးမှ သူ့အား တရားစွဲသူမှာ ပြည်နယ် ပညာမှ ဒုညွှန်မှူး ဦးစိန်ထွန်းလှဖြစ်သည်ဟု ပြောဆိုသဖြင့် ဦးစိန်ထွန်းလှအား ဆက်သွယ်ရာ သူ့အထက်မှ တာဝန်ရှိသူများ ရှိနေသဖြင့် သူ့အနေနှင့် တရားစွဲဆိုထားခြင်း အပေါ် မီဒီယာများသို့ ပြောဆိုရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

ပြည်နယ် ပညာရေးမှူးအား ဆက်သွယ် မေးမြန်းရာတွင် အဆိုပါ ကိစ္စကို ဖြေကြားရန် ငြင်းဆိုသည်။

ဦးသန်းမောင်ဦးသည် သူတင်သည့် ပို့စ်တစ်ခုသည် ရခိုင်ပြည်နယ် ပညာရေးဌာနအား အသရေဖျက်သည်ဟု ဆိုကာ ဇွန် ၃ရက်နေ့က ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည်။

Narinjara
https://www.facebook.com/Narinjara
ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးကို ဖမ်းရန် ပြည်နယ်လွှတ်တော်သို့စာပို့ ရမ်းဗြဲအမတ် ဦးသန်းမောင်ဦးကို ဖမ်းရန် ပြည်နယ်လွှတ်တော်သို့စာပို့ Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.