မြို့ ၆ မြို့ ရေကြီးရေလျှံပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံး

မော်လမြိုင်မြို့မှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပေါ်နေတာကို တွေ့ရစဉ်/ Photo: Hom Shin - facebook
မွန်ပြည်နယ်မှာ မိုးကြီးတာကြောင့် မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ် အပါအဝင် မြို့ ၆ မြို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးကာ လူဦးရေ နှစ်ထောင်ကျော် ရွှေ့ပြောင်းနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

မွန်ပြည်နယ် တောင်ဘက်ခြမ်းတစ်ခုလုံးနီးပါး ရေကြီးခဲ့တာလို့ ကယ်ဆယ်ရေးတွေ ကူညီဆောင်ရွက်ပေးခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး က ပြောပါတယ်။

"မွန်ပြည်နယ်ရဲ့ တောင်ဘက်ခြမ်းလို့ ပြောလို့ရတာပေါနော်။ အပေါ်ဘက်ခြမ်း ဘီးလင်းတို့ ကျိုက်ထိုတို့ သထုံဘက်ခြမ်းမှာတော့ မဖြစ်ဘူး မော်လမြိုင်အောက်ဘက်ခြမ်းပေါ့နော်။ မော်လမြိုင်အပါအဝင် ဒီဘက်က သံဖြူဇရပ်တို့ ရေးတို့ ပါပါတယ် မုဒုံတို့လည်း တစ်ချို့နေရာ နည်းနည်းပါးပါး ကြီးတယ်။ အခြေအနေကတော့ ရေပြန်ကျသွားပါပြီ"

မနေ့ညကစပြီး မိုးကြီးခဲ့တာကြောင့် မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော စတဲ့ မြို့ ၆ မြို့မှာ ရေကြီး ရေလျှံတာ မြေပြိုနေတာတွေကြောင့် အစိုးရအဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့က အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။ မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက်က ကိုယ်ဝန် ၅ လ ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ ရေထဲမှာ မြွေကိုက်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

နေအိမ်တွေပါ ရေနစ်မြုပ်တာ ပျက်စီးတာတွေကြောင့် ဒေသခံတွေဟာ ရေဘေး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြပါတယ်။

မော်လမြိုင်မြို့ ကျိုက်သလန်စေတီတော် အနောက်ဘက်မုဒ်မှာ မြေပြိုပြီး အရှေဘက်မုဒ် ဓာတ်လှေကား စောင်းသွားတာကြောင့် ဘုရားမှာ လုံခြုံရေးတွေ ချထားပြီး ပိတ်ထားရတယ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့မှာဆိုရင် မြို့ရဲ့ ၃ ပုံ တစ်ပုံလောက် ရေမြုပ်ခဲ့ပြီး သံဖြူဇရပ်-ရေးလမ်းပိုင်းမှာ ရေကြီးတာကြောင့် ကားလမ်း ပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီနေ့လည်မှာ မိုးနည်းသွားတာကြောင့် ရေပြန်ကျသွားပေမယ့် ရေဘေးဒုက္ခသည်တွေအတွက် မွန်ပြည်နယ်အစိုးရ အဖွဲ့က ကူညီဖို့အတွက် ကော်မတီတွေ ဖွဲ့ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောပါတယ်။

မုတ်သုတ်လေ အားကောင်းနေတာကြောင့် မွန်၊ ကရင်၊ တနင်္သာရီ ကမ်းရိုးတန်းမှာ နောက် ၂ ရက် လောက်အထိ မိုးများနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန က သတိပေးထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
မြို့ ၆ မြို့ ရေကြီးရေလျှံပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံး မြို့ ၆ မြို့ ရေကြီးရေလျှံပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.