အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ တရုတ်ကကြိုးစားလို့ အမေရိကန်ပြော


တရုတ်တို့ဟာ အငြင်းပွားမှုတွေ ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ ဒုံးလက်နက် တွေ ဖြန့်ချပြီး အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေ တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး James Mattisက ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့လို့ ခေါ်တဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ အခုလို ပြောခဲ့တာဖြစ် ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်တို့ နယ်မြေချဲ့ထွင်ပြီး စစ်ရေးအရ လုပ်ဆောင်မှုတွေ ရှိနေတာဟာ ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ လုပ်ကိုင်နေ သလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ဖြစ်စေတယ်လို့ ဗိုလ်ချုပ်ကြီး Mattisက ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့က ကျွန်းတုတွေ ဆောက်ပြီး စစ်ရေး တိုးချဲ့နေတာတွေ သင်္ဘောပစ် ဒုံးလက်နက်တွေနဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေ ဖြန့်ချနေတယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး လောလောဆယ် Woodyကျွန်းမှာ ဗုံးကြဲလေယာဉ်တွေ ဆင်းသက်ခဲ့တာကိုလည်း ဗိုလ်ချုပ်ကြီး Mattisက ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ တလက Woodyကျွန်းမှာ တရုတ် ဗုံးကြဲ လေယာဉ်တွေ ဆက်သက်ခဲ့ချိန်က အမေရိကန်တို့က ဒီလုပ်ရပ်ဟာ ဒေသကို မတည်ငြိမ် ဖြစ်စေနိုင် တယ်လို့ သတိပေးခဲ့ဖူးပါတယ်။

စောစောက ဗိုလ်ချုပ်ကြီး Mattisပြောခဲ့တဲ့ Woody ကျွန်းဟာ တရုတ်တို့က သူတို့ ပိုင်တယ်လို့ ပြောနေသလို ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်တယ်လို့ အငြင်းပွားနေတဲ့ ကျွန်းဖြစ်ပါတယ်။

ဒီတော့ တရုတ်တို့က အပြောနဲ့မညီဘဲ စစ်ရေးအရ တိုက်ရိုက် အသုံးပြုနိုင်တဲ့ လက်နက်စနစ်မျိုးတွေ ဖြန့်ချ လုပ်ကိုင်နေတာတွေဟာ ခြိမ်းခြောက်ဖို့ ရည်ရွယ် ချက်နဲ့ လုပ်နေတာတွေ ဖြစ်ပါတယ်လို့ ဗိုလ်ချုပ်ကြီး Mattisက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့အနေနဲ့ တရုတ်နဲ့ အပြုသဘော ဆောင်တဲ့ ဆက်ဆံရေးတရပ် ထားရှိလိုပေမယ့် တကယ်လို့ လိုအပ်လာရင် အကြိတ် အနယ် ပြိုင်ဆိုင်သွားမှာလို့လဲ သူက ပြောခဲ့ပါတယ်။

နောက်ပြီး တရုတ်အနေနဲ့ ဒေသတွင်းမှာ အဓိက အခန်းကဏ္ဍကနေ ပါနေတယ် ဆိုတာကိုလဲ အမေရိကန်ပြည်ထောင်စုအနေနဲ့ အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်ဟာ အဓိကကျတဲ့ ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်း တခုဖြစ်ပြီး အဲဒီဒေသတွင်းမှာ ရှိတဲ့ ကျွန်းတွေကို နိုင်ငံ ၆ နိုင်ငံက သူပိုင်ငါပိုင် အငြင်းပွားနေကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့က လူလုပ်ကျွန်းငယ်လေးတွေနဲ့ တခြား ရေကြောင်းသွားလာရေးဆိုင်ရာတွေ ဆောက်လုပ်မှုတွေ ရှိနေခဲ့တာ ဖြစ်ပြီး အဲဒီနေရာတွေမှာ စစ်ရေး အဆောက်အအုံတွေ ထားရှိနေတာလည်း ဖြစ်ပါတယ်။

နောက်တခါ Parcelနဲ့ Sprathyကျွန်းစုတွေဟာလဲ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင် ထိုင်ဝမ်နဲ့ မလေးရှားတို့က ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွား နေတဲ့ ကျွန်းစုတွေ ဖြစ်ပါတယ်။

တရုတ်တို့က ဒီကျွန်းတွေဟာ ၁၉၄၇ ခုနှစ်လောက်ကတည်းက သူတို့ ပိုင်ဆိုင်တဲ့ ကျွန်းတွေဆိုပြီး ပြောနေတာ ဖြစ်ပါတယ်။

ဒီဒေသဟာ အရေးပါတဲ့ ရေကြောင်းလမ်းတခု ဖြစ်သလို ငါးပေါတဲ့ ငါးဖမ်းကွက် ကြီးလဲ ဖြစ်ပါတယ်။ နောက်ပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကြွယ်ဝတဲ့ နေရာလို့လဲ ယူဆနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ တရုတ်ကကြိုးစားလို့ အမေရိကန်ပြော အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ တရုတ်ကကြိုးစားလို့ အမေရိကန်ပြော Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.